ဟံသာဝတီ ဦးဝင်းတင် ပြတိုက်

win tin ဓာတ်ပုံ မူပိုင် Reuters
Image caption ဒေါ်စု ဆန္ဒအတိုင်း ဦးဝင်းတင် အခန်းကို ထိန်းသိမ်းမယ်

သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း တပတ်ပြည့် ရက်လည် ဆွမ်းကျွေး တွေကို မိသားစု ဆွေမျိုးတွေနဲ့ ရန်ကုန် မန္တလေး အနယ်နယ် အရပ်ရပ်မှာ ဒီကနေ့ ကျင်းပ ခဲ့ကြပါတယ်။

NLD ရုံးတွေနဲ့ လူမှု အသင်းအဖွဲ့ ရုံးတွေ ကျောင်းတွေမှာ ကျင်းပ ခဲ့သလို ဦးဝင်းတင် မကွယ်လွန်ခင် နေထိုင် ခဲ့တဲ့ သူငယ်ချင်း ဦးအုန်းထွန်း အိမ်မှာ လည်း ဆွမ်းကျွေး ပါတယ်။

ဦးဝင်းတင် ထောင်က လွတ်ခါစက အာဏာပိုင် တွေရဲ့ ဖိအားပေး ခြိမ်းခြောက်မှု တွေ ကြားက နေအိမ်မှာ လက်ခံ နေထိုင်ခွင့် ပေးခဲ့တဲ့ ငယ် သူငယ်ချင်း ဦးအုန်းထွန်း ကတော့ ဒေါ်အောင်ဆန်း စုကြည် ဆန္ဒ အတိုင်း သူနေခဲ့တဲ့ ခြံဝင်း ထဲက အခန်းဆောင် လေးကို ထိန်းသိမ်း စောင့်ရှောက် မယ်လို့ ဆိုပါတယ်။

အခန်းကို တနေရာ ရွှေ့ပြီး ထိန်းသိမ်း စောင့်ရှောက်ထားချင်တဲ့ အတွက် ဒီအခန်းကို လူတကာ အဝင်မခံဘဲ သေချာ စောင့်ရှောက် သွားဖို့၊ ဘယ်သူ တောင်းတောင်း ဦးဝင်းတင် ကျန်ရစ်တဲ့ ပစ္စည်း အသုံး အဆောင်တွေ မပေးဖို့ ဒေါ်အောင်ဆန်း စုကြည်က မှာသွားတယ်လို့ ဦးအုန်းထွန်းက ပြောပါတယ်။

ပြင်သစ် နိုင်ငံ ပါရီက ဆွမ်းကျွေး ကိုတော့ ဦးဝင်းတင်ကို စိတ်ဝင်စား လေးစား ကြတဲ့ ပြင်သစ် နိုင်ငံသား တွေကပါ တက်ရောက် ခဲ့ကြပါတယ်။ ဥရောပ၊ အမေရိက နဲ့ ကမ္ဘာ တလွှားက မြန်မာ တွေ ကလည်း သက်ဆိုင်ရာ နိုင်ငံ အလိုက် စုစည်း ဆွမ်းကပ် ခဲ့ကြပါတယ်။

ဟံသာဝတီ ဦးဝင်းတင် အမှတ်တရ စာရေးဆရာတွေ စုပေါင်း ရေးသားကြမယ့် စာအုပ်ကို ရာပြည့် မန္တလေး စာအုပ်တိုက် က ထုတ်ဖို့ စီစဉ် နေသလိုပဲ အမရပူရ မြို့ တောင်သမန် အင်းစောင်းက တောင်လေးလုံး ကျောင်းတိုက် မှာလည်း ဦးဝင်းတင် အမှတ်တရ ကျောက်တိုင် ကို ကွယ်လွန်ခြင်း တလပြည့် မှာ ဖွင့်လှစ်ဖို့ ကြိုးစား နေတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ