စစ်ဖက် ပူးပေါင်းဆောင်ရွက်မှု တိုင်းရင်းသား အမြင် အမေရိကန် သိလို

ႈKIA Soldiers
Image caption ကေအိုင်အေ တပ်ဖွဲ့များ

အမေရိကန် နိုင်ငံခြားရေး ဌာန သံတမန်ရေးနဲ့ ပြည်သူ့ဆက်ဆံရေး ဒုတိယ ဝန်ကြီး Richard Stengel ဟာ တနင်္လာနေ့က မြန်မာ နိုင်ငံကို ရောက်ရှိလာပြီး လူငယ်တွေနဲ့ တွေ့ဆုံခဲ့ ပါတယ်။

တစ်ရက်တည်း မှာပဲ တောင်အာရှနဲ့ အရှေ့တောင် အာရှ ဆိုင်ရာ အမေရိကန် ဒုတိယ လက်ထောက် ကာကွယ်ရေး ဝန်ကြီး Amy Searight ကလည်း တိုင်းရင်းသား လူငယ် တွေနဲ့ တွေ့ဆုံပြီး အမေရိကန်နဲ့ မြန်မာ အစိုးရ စစ်တပ်တို့ကြား ပူးပေါင်း ဆောင်ရွက်မှု လုပ်မယ်ဆိုရင် တိုင်းရင်းသားတွေ ဘက်က သဘောထား ဘယ်လို ရှိမယ်ဆိုတာ တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။

တွေ့ဆုံရာမှာ ပါဝင်တဲ့ ကချင် ငြိမ်းချမ်းရေး ကွန်ရက်က မအက်စသာက တိုင်းရင်းသား ဒေသတွေမှာ မြန်မာ့ တပ်မတော်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ရှိနေသေးပြီး ကချင် ပြည်နယ်မှာလည်း စစ်ပွဲတွေ ဆက်လက် ဖြစ်နေသေးတဲ့ အပြင် ငြိမ်းချမ်းရေး ဖြစ်စဉ်ကလည်း မသေချာ မရေရာတဲ့ အတွက် အမေရိကန်နဲ့ မြန်မာ စစ်တပ် အချင်းချင်း ပူးပေါင်းမှုတွေ မလုပ်သင့်သေးဘူးလို့ သဘောထား ပေးခဲ့ကြောင်း ဘီဘီစီကို ပြောပါတယ်။

အခု အခြေအနေမှာ စစ်ရေးပူးပေါင်းဆောင်ရွက်မှု လုပ်မယ်ဆိုရင် အစိုးရ စစ်တပ်ကို အားဖြည့့်ပေး သလို ဖြစ်သွားပြီး သူတို့ အပေါ် ယုံကြည်မှု မရှိတဲ့ ပြည်သူလူထုရဲ့ ခံစားမှုတွေ ပိုဆိုးသွားနိုင်တယ်လို့ လည်း သူက ဆို ပါတယ်။

အမေရိကန်ဘက်က လောလောဆယ် စစ်ရေး ပူးပေါင်းဆောင်ရွက်ဖို့ အစီအစဉ်တွေ ဘာမှ စတင်မှု မရှိသေးဘူးလို့ အခိုင်အမာ ပြောကြောင်းလည်း မအက်စသာက ပြောပါတယ်။

အမေရိကန်နဲ့ အနောက်နိုင်ငံက အရာရှိကြီးတွေ မြန်မာ နိုင်ငံကို လာရောက်ပြီး တိုင်းရင်းသား လူငယ်တွေ အပါအဝင် အဖွဲ့ အစည်း အသီးသီးနဲ့ တွေ့ဆုံပြီး သိလိုတာတွေကို မေးမြန်းခဲ့ပြီးတဲ့နောက် ထပ်မံ ဆက်သွယ် ဆောင်ရွက်မှုတွေ မရှိဘူး ဆိုရင် သူတို့ အနေနဲ့ နောက်ထပ် တွေ့ချင်တဲ့ ဆန္ဒ မရှိကြဘူးလို့လည်း သူက ပြောပါတယ်။

တနင်္လာနေ့က အမေရိကန် သံရုံးမှာ အမေရိကန် ဒုတိယ လက်ထောက် ကာကွယ်ရေး ဝန်ကြီးက ရှမ်း၊ ကချင် ၊ ကရင်၊ မွန် စတဲ့တိုင်းရင်းသား လူငယ်တွေနဲ့ တွေ့ဆုံ ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ