RSF ရဲ့ သူရဲကောင်း သတင်းသမား ၁၀၀ မှာ ကိုဇော်ဖေပါဝင်

World Press Freedom Day ဓာတ်ပုံ မူပိုင် RFS
Image caption ကမ္ဘာ့ သတင်းလွတ်လပ်ခွင့်နေ့ မတိုင်မီ သူရဲကောင်း သတင်းသမား ၁၀၀ စာရင်း ထုတ်ခဲ့

မေလ ၃ ရက်နေ့ ကမ္ဘာ့ သတင်း လွတ်လပ်ခွင့်နေ့ မတိုင်ခင် RSF နယ်စည်းမခြား သတင်းထောက်များ အဖွဲ့က သူရဲကောင်း သတင်းသမား ၁၀၀ စာရင်းကို ထုတ်ပြန်ခဲ့ ပါတယ်။

အဲဒီ သူရဲကောင်း သတင်းသမား ၁၀၀ ထဲမှာ မြန်မာနိုင်ငံ အတွင်း အကျဉ်းထောင် တစ်ခုထဲမှာ ပြစ်ဒဏ်ကျခံ နေရတဲ့ သတင်းထောက် ကိုဇော်ဖေ လည်း ပါ၀င်ပါတယ်။

ကိုဇော်ဖေကို အခုလို ထောင်သွင်း အကျဉ်းချတာဟာ မြန်မာ့ သတင်း လွတ်လပ်ခွင့် အတွက် အထူး စိုးရိမ်စရာကောင်းတယ်လို့ RSF ရဲ့ အာရှနဲ့ ပစိဖိတ် ဒေသဆိုင်ရာ အကြီးအကဲ ဘန်ဂျမန် အစ္စမေး Benjamin Ismail က ပြောပါတယ်။

သတင်းထောက် တစ်ယောက်ရဲ့ သတင်း ရယူဖို့ကြိုးပမ်းမှုကို ရာဇဝတ်မှု ပုဒ်မတွေနဲ့ အရေးယူ အပြစ်ပေးခဲ့တာဟာ သတင်းသမားတွေရဲ့ လွတ်လပ်ခွင့်ကို ချိုးနှိမ်ရာ ရောက်တယ်လို့လည်း သူက ပြောပါတယ်။

RSF အနေနဲ့ မြန်မာ အစိုးရက ကိုဇော်ဖေကို ဖမ်းဆီး ထောင်ချထားတဲ့ အခြေ အနေကို ကမ္ဘာသိအောင် ဖော်ထုတ်ပြလိုက်ခြင်း အားဖြင့် မြန်မာ နိုင်ငံတွင်းမှာ ဖြစ်နေတဲ့ အခြေ အနေတွေကို မီးမောင်းထိုးပြလိုက်တာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ကိုဇော်ဖေအပြင် ဖမ်းဆီးထောင်ချခံထားရတဲ့ တခြား မြန်မာ သတင်းထောက်တွေလည်း ရှိနေသေးတယ်လို့ ဘန်ဂျမန် အစ္စမေးက ပြောပါတယ်။

မကွေးမြို့နယ် ပညာရေးမှူးရုံးကို ဝင်ရောက် သတင်းယူဖို့ ကြိုးစားခဲ့တဲ့ DVB သတင်းထောက် ကိုဇော်ဖေကို ဝတ္တရား နှောင့်ယှက်မှု၊ ပိုင်နက် ကျူးလွန်မှု စတဲ့ ရာဇဝတ်မှု ပုဒ်မတွေနဲ့ အာဏာပိုင်တွေက ထောင်ဒဏ် တစ်နှစ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ