ဖမ်းဆီးခံ သတင်းသမားတွေ လွတ်ရေး တောင်းဆို

amnesty_international ဓာတ်ပုံ မူပိုင် AMNESTY INTERNATIONAL
Image caption နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာရေး အဖွဲ့ အမှတ်တံဆိပ်

မြန်မာပြည်မှာ ဒီနှစ်အတွင်း အဖမ်းခံထားရတဲ့ သတင်းသမား ၆ ဦး အပါအဝင် ယုံကြည်မှု အကျဉ်းသား အားလုံးကို ပြန်လွှတ်ပေးဖို့၊ နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာရေး အဖွဲ့ Amnesty Internationalက၊ ဒီကနေ့ မေလ ၃ရက်နေ့မှာ ကျရောက်တဲ့၊ ကမ္ဘာ့သတင်း လွတ်လပ်ခွင့်နေ့မှာ မြန်မာ အစိုးရကို တောင်းဆို လိုက် ပါတယ်။ လွတ်လပ်စွာ ဖော်ထုတ်ခွင့် နဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်တွေကို ကန့်သတ်ထားတဲ့ တည်ဆဲ ဥပဒေတွေ ကို ပြင်ဆင်ဖို့ လည်း တိုက်တွန်း လိုက်ပါတယ်။

ထိုနည်းတူ၊ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ Human Rights Watch ကလည်း၊ ပြီးခဲ့တဲ့ ဧပြီလအတွင်းက အသီးသီး ထောင်အချခံ အဖမ်းခံခဲ့ရတဲ့ ဒီမိုခရက်တစ် ဗမာ့အသံက ကိုဖော်ဖေနဲ့ မဇ္စျိမ သတင်း အေဂျင်စီမှ ကိုရေခဲအပါအဝင်၊ အဖမ်းဆီးခံ စာနယ်ဇင်းသမားတွေ အားလုံးကို လွှတ်ပေးဖို့နဲ့၊ ဒီလို သတင်းသမားတွေကို ခိုင်လုံတဲ့ အကြောင်းမရှိပဲ ဖမ်းဆီးနေမှုတွေ ရပ်တန့်ဖို့၊ တောင်းဆိုလိုက်ပါတယ်။

လက်ရှိ မြန်မာ အစိုးရ လက်ထက်မှာ၊ စာနယ်ဇင်း ဆိုင်ရာ ဥပဒေ အသစ်တွေ ပြဌာန်းလာပြီး၊ အရင်ကနဲ့ မတူတဲ့၊ ထုတ်ဖော်ရေးသားမှုတွေ ရှိလာခဲ့ပေမယ့်၊ သတင်းသမားတွကို ဥပဒေနဲ့ ငြိစွန်းတယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ဖမ်းဆီးနေတာတွေလည်း ပေါ်ပေါက်နေတဲ့အတွက်၊ လိုသလို ပြောင်းလဲနိုင်တဲ့ ဥပဒေတွေ မဖြစ်ဖို့ အာဏာပိုင်တွေဘက်က တာဝန်ရှိကြောင်း၊ ဝါရင့်သတင်းစာ ဆရာတစ်ဦးဖြစ်တဲ့ လူထု မောင်သစ်လွင်က ပြောပါတယ်။

သတင်းသမားတွေ ဘက်ကလည်း၊ ခိုင်မာတဲ့ မူဝါဒနဲ့ ရပ်တည်ချက် ထားရှိရမှာ ဖြစ်သလို၊ သတင်းသမားကောင်းတွေ မွေးထုတ်ပေးနိုင်တဲ့ သင်တန်းမျိုးတွေ များများ ရှိဖို့ လိုအပ်ကြောင်းလည်း ပြောပါတယ်။

ငွေကြေး အကျိုးအမြတ် တစ်ခုတည်းကို မကြည့်ပဲ၊ အများပြည်သူ အတွက်လို့ သဘောထားတဲ့ ထုတ်ဝေသူတွေလည်း ပေါ်ပေါက်လာသင့်တယ် ဆိုပြီး လူထုမောင်သစ်လွင်က သုံးသပ်ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ