ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးမှာ အမျိုးသမီးတွေ သတင်းယူခွင့်မရ

Image caption နှစ်ပေါင်း ၁၉နှစ် ကြာပြီးမှ ဂိုဏ်းပေါင်းစုံ သံဃာ့ အစည်းအဝေး ပြန်လည် ကျင်းပနိုင်ခဲ့

ရန်ကုန်မြို့ ကမ္ဘာအေး ကုန်းမြေ မဟာ ပါသာဏ လိုဏ်ဂူတော်မှာ ကျင်းပနေတဲ့ ပဉ္စမအကြိမ်မြောက် ဂိုဏ်းပေါင်းစုံ သံဃာ့ အစည်းအဝေးမှာ အမျိုးသမီး သတင်းထောက်တွေ သတင်းယူခွင့်ကို ကန့်သတ်ထားပါတယ်။

ဗုဒ္ဓဘာသာ ဂိုဏ်း ၉ ဂိုဏ်းက သံဃာတော် ၂၅၀၀ကျော် တက်ရောက်ခဲ့တဲ့ ဒီအစည်းအဝေးမှာ သံဃာ့ နာယက သက်တမ်း၊ သံဃာ့ အဖွဲ့အစည်းတွေ အတွက် လိုအပ်တဲ့ အခြေခံ စည်းမျဉ်းတွေနဲ့ သံဃာတော်များ ဆိုင်ရာ အခြေခံ ဥပဒေ ပြင်ဆင်ဖို့ ကိစ္စရပ်တွေကို ဆွေးနွေးနေတာ ဖြစ်ပါတယ်။

ဒီထဲမှာ အချိန်အခါ အရ ပေါ်ပေါက်လာတဲ့ သံဃာ အဖွဲ့အစည်းတွေကို နိုင်ငံတော် သံဃာ့ မဟာ နာယက အဖွဲ့က အသိအမှတ် ပြုနိုင်ဖို့ ကိုလည်း ထည့်သွင်း ဆွေးနွေးမှာ ဖြစ်တယ်လို့ အစည်းအဝေး တက်ရောက်လာတဲ့ သံဃာ့ မဟာ နာယက အဖွဲ့က ဆရာတော် ဦးနန္ဒသာရ က မိန့်ပါတယ်။

ဗုဒ္ဓဘာသာဝင် အများစု ရှိတဲ့ မြန်မာနိုင်ငံမှာ သံဃာ အစည်းအဝေး ကျင်းပရာ ခန်းမထဲကို မီဒီယာစုံက သတင်း ဝင်ယူခွင့် ရကြပေမယ့် ဒီထဲမှာ အမျိုးသမီး သတင်းထောက် တွေတော့ ဝင်ခွင့် မရခဲ့ပါဘူး။

သံဃာတော်တွေဘက်ကတော့ ဒါနဲ့ ပတ်သက်ပြီး သူတို့လည်း ကောင်းကောင်း မသိဘူးလို့ ဆိုကြပါတယ်။

မီဒီယာ မှတ်ပုံတင်ရာမှာ လက်ခံခဲ့ပေမယ့် တကယ်တမ်း သတင်းယူတဲ့ အခါမှာတော့ ကန့်သတ်ခံခဲ့ရတယ်လို့ အစည်းအဝေးမှာ သတင်းယူခွင့် မရခဲ့တဲ့ အမျိုးသမီး သတင်းထောက် တွေက ဘီဘီစီကို ပြောပြပါတယ်။

မြန်မာ ဂျာနယ်လစ် ကွန်ယက် အထွေထွေ အတွင်းရေးမှူးလည်းဖြစ် စာနယ်ဇင်း ကောင်စီ အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်တဲ့ ဦးမြင့်ကျော် ကတော့ သတင်းရယူရာမှာ အမျိုးသမီး၊ အမျိုးသား ခွဲခြား ကန့်သတ် ထားတာဟာ မသင့်လျော်ဘူးလို့ ဆိုပါတယ်။

၁၉၈၀ ခုနှစ်ကနေ ၁၉၉၅ ခုနှစ်အထိ ၅နှစ် တကြိမ် ကျင်းပခဲ့တဲ့ ဒီသံဃာ့ အစည်းအဝေးဟာ အရင်အစိုးရရဲ့ ကန့်သတ်မှုတွေနဲ့ အစည်းအဝေး ကျင်းပဖို့ ငွေကြေး မတတ်နိုင် တာတွေကြောင့် မကျင်းပ နိုင်ခဲ့ရာကနေ ဒီနှစ်မှာတော့ ရွှေသံလွင် ကုမ္ပဏီက အကုန်အကျ ခံပြီး ဒီအစည်းအဝေးကို ကျင်းပပေးတာ ဖြစ်တယ်လို့ နိုင်ငံတော် သံဃာ့ မဟာ နာယက အဖွဲ့က ဆရာတော် ဦးနန္ဒသာရ က မိန့်ပါတယ်။