ရွေးကောက်ပွဲ ကော်မရှင်နဲ့ ပါတီတွေ တွေ့ဆုံ

Election Commission meets political parties
Image caption ရွေးကောက်ပွဲ ကော်မရှင်နဲ့ ပါတီပေါင်း ၆၀ ကျော်တို့ တွေ့ဆုံ ခဲ့ကြပါတယ်

လာမယ့် ကြားဖြတ်ရွေးကောက်ပွဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေ အတွက် မဲဆွယ်စည်းရုံးရေးဆိုင်ရာ နည်းဥပဒေ တွေကို နိုင်ငံရေး ပါတီတွေနဲ့ ဆွေးနွေးပြီးရင် အများပြည်သူကို ထုတ်ပြန်မယ်လို့ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးတင်အေးက ပြောပါတယ်။

ဒါ့အပြင် လူပြောများနေတဲ့ ရွေးကောက်ပွဲ ဝင်မယ့် ပါတီတွေ နယ်ကျော် စည်းရုံးခွင့်နဲ့ ပတ်သက်လို့လည်း ပါတီတွေ စည်းရုံးခွင့် ရမှာပါလို့ သူက ပြောခဲ့ပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ မေလ ၁၅ ရက်နေ့က တွေ့ဆုံခဲ့ရာ ရွေးကောက်ပွဲ ကာလ မဲဆွယ် စည်းရုံးမှု၊ မဲစာရင်းပြုစုမှုနဲ့ မဲဆန္ဒနယ်တွေမှာ ရွေးကောက်ပွဲ အချက်အလက်ဆိုင်ရာ အသိပညာ ပေးရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြ ပါတယ်။

လာမယ့် ရွေးကောက်ပွဲတွေ အတွက် ကော်မရှင်က အရင်က ချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေထဲက ရွေးကောက်ပွဲ အာမခံကြေးပေးသွင်းတဲ့ ကိစ္စလို အချက်တချို့လောက်ကိုပဲ ပြင်ဖို့ ရှိတယ်လို့ ကော်မရှင် ဥက္ကဌက ပြောပါတယ်။ တိုင်းရင်းသား ပါတီတွေကတော့ ပြည်ထောင်စု ရွေးကောက်ပွဲမရှင်က စည်းမျဉ်း စည်းကမ်းတွေ၊ နည်းဥပဒေတွေ ထုတ်ပြန်ရာမှာ သူတို့နဲ့ ညှိနှိုင်းတာမျိုး မရှိဘူးလို့ ပြောပါတယ်။

ချင်းအမျိုးသား ဒီမိုကရက်တစ် ပါတီဥက္ကဌ ဦးဇိုဇမ်ကတော့ ကော်ရှင် ဥက္ကဌက ရာနှုန်းပြည့် တာဝန်ခံနိုင်တဲ့ လုပ်နိုင်စွမ်း ရှိသလားလို့ မေးခွန်း ထုတ်လိုက်ပြီး တိုင်းရင်းသား ပါတီတွေနဲ့ ညှိနှိုင်းမှု မရှိဘဲနဲ့ လက်တွေ့ကျပြီး တရားမျှတတဲ့ ရွေးကာက်ပွဲတွေ ဖြစ်လာနိုင်စရာ မရှိဘူးလို့ ပြောပါတယ်။

ကြားဖြတ် ရွေးကောက်ပွဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲတို့မှာ အချက်အလက် မှန်မှန်ကန်ကန် ဖြစ်ရေးကို အများ ပြည်သူတွေက စိုးရိမ်နေကြ ပါတယ်။

ကြားဖြတ် ရွေးကောက်ပွဲကို နိုဝင်ဘာ လကုန် သို့မဟုတ် ဒီဇင်ဘာ လဆန်းမှာ ပြုလုပ်ဖို့ ရှိတယ်လို့ ဦးတင်အေးက ပြောပါတယ်။

တွေ့ဆုံမှုမှာ နိုင်ငံရေးပါတီပေါင်း ၆၀ လောက်က ပါတီဝင်တွေ တက်ရောက် ခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ