စိတ်ကြွဆေးသုံးစွဲမှု မြင့်မား

unodc
Image caption မြန်မာနိုင်ငံမှာ စိတ်ကြွဆေး သုံးစွဲမှု မြင့်တက်

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု တိုက်ဖျက်ရေး အဖွဲ့ UNODC က ဒီနေ့ ထုတ်ပြန်တဲ့ ၂၀၁၄ ခုနှစ် အတွက် ကမ္ဘာလုံးဆိုင်ရာ စိတ်ကြွဆေးနဲ့ စိတ်ကို ပြောင်းလဲစေသော ဆေးဝါး အသစ်များ လေ့လာသုံးသပ်ချက် အစီရင်ခံစာမှာ မြန်မာနိုင်ငံမှာ စိတ်ကြွဆေးသုံးစွဲမှု သိသိသာသာ မြင့်တက်လာသလို စိတ်ကြွဆေးထုတ်လုပ်မှု အတွက် အသုံးပြုတဲ့ ဓါတုဆေးဝါးတွေကိုလည်း ပိုမို ဖမ်းဆီးမိလာတယ်လို့ ဆိုပါတယ်။

စိတ်ကြွဆေး ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဓါတု ပစ္စည်းတွေကို ဖမ်းဆီး ရမိတဲ့ ပမာဏဟာ ပိုမိုများပြားလာပေမဲ့ အတိအကျ ပြောပြဖို့ အခက်အခဲတွေ ရှိတယ်လို့ UNODC ရဲ့ အစီအစဉ်ညှိနှိုင်းရေးမှူး ဦးထွန်းနေစိုးက ပြောပါတယ်။

စိတ်ကြွဆေး ထုတ်လုပ်သူတွေဟာ ဖမ်းဆီးတားမြစ်တဲ့ ဓါတုပစ္စည်းတွေထက် အဲဒီ ဓါတု ပစ္စည်းတွေပါဝင်တဲ့ အိမ်သုံးဆေးတွေကို စုဆောင်းပြီး အဲဒီကနေ စိတ်ကြွဆေး ထုတ်လုပ်ဖို့ ကြိုးစားလာတဲ့ အတွက် အခက်အခဲတွေ ရှိလာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

စိတ်ကြွဆေးသုံးစွဲမှု သိသိသာသာ မြင့်တက်လာတာကိုတော့ အရင်တုန်းက စိတ်ကြွဆေး ဖမ်းဆီးရရှိမှုဟာ နယ်စပ်ဒေသမှာပဲ အများစုဖြစ်ပြီး အခုအခါ ပြည်နယ်နဲ့ တိုင်းအစုံမှာ ဖမ်းမိလာတာကို ကြည့်ရင် သိသာတယ်လို့ ဦးထွန်းနေစိုးက ပြောပါတယ်။

ရန်ကုန်၊ မန္တလေးမှာ ဖမ်းဆီးမိတာတွေဟာ ပြည်ပကို တင်ပို့ရောင်းချဖို့ မဟုတ်ဘဲ ပြည်တွင်း သုံးစွဲမှု အတွက်ဆိုတာ ထင်ရှားတယ်လို့ ဆိုပါတယ်။

ရန်ကုန်မှာ ဆေးပြားသန်းနဲ့ချီ ဖမ်းဆီးမိတာတွေ အထိရှိလာနေတာကိုလည်း သူက ထောက်ပြပါတယ်။

အာရှတိုက်သာမကဘဲ၊ အာဖရိကတိုက်နဲ့ မက္ကဆီကိုက မူးယစ်ဆေး ရောင်းဝယ်သူတွေကလည်း အာရှတိုက်စျေးကွက်ကို ပစ်မှတ်ထား ဖြန့်ချိလာတယ်လို့လည်း UNODC အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။