မြန်မာကျောင်းသား ၃ဦး မန်ယူမှာ ဘောလုံးပညာ အခမဲ့သင်ခွင့်ရ

ဓာတ်ပုံ မူပိုင် b
Image caption ကံစမ်းမဲ ပေါက်သူတွေ မန်ယူအသင်းရဲ့ Old Trafford ဘောလုံးကွင်းကိုလည်း သွားလည်ခွင့်ရ

မန်ချက်စတာ ယူနိုက်တက် ဘောလုံး ကလပ် သင်တန်းကျောင်းမှာ တစ်ပတ်ကြာ ခရီးစရိတ်၊ နေစရိတ်၊ စားစရိတ် အပြီး အခမဲ့ ဘောလုံး ပညာ လေ့လာသင်ယူခွင့်ကို မြန်မာ ကျောင်းသား ၃ ဦး ရခဲ့ပါတယ်။

ဒီကျောင်းသား ၃ဦး ဟာ လာမယ့် ဇူလိုင်လ မှာ အင်္ဂလန်မှာ ရှိတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းကို သွားရတော့မှာ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းမှာ တစ်ပတ်ကြာ စခန်းသွင်း လေ့ကျင့်မှုရဖို့ အသက် ၁၀နှစ် ကနေ ၁၇နှစ်ကြား မြန်မာလူငယ်တွေကို ကံစမ်းမဲ ဖောက်ခဲ့ရာမှာ Yangon International Schoolက ကျောင်းသား ၁ဦးနဲ့ International School of Myanmar က ကျောင်းသား ၂ ဦး မဲပေါက်ခဲ့ကြတာပါ။

မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ Asia Tours Myanmar တို့ ပေါင်းပြီး ဒီလေ့ကျင့်ရေး ခရီးစဉ်ကို စီစဉ်ခဲ့တာပါ။

ဇူလိုင်လ ၆ရက်နေ့ကနေ ၁၃ရက်နေ့အထိ မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ဘောလုံးပညာ လေ့ကျင့် သင်ယူခွင့် ရမယ့်အပြင် မန်ချက်စတာ ယူနိုက်တက်ရဲ့ Old Trafford ဘောလုံးကွင်းမှာ လည်ပတ်နိုင်မှာပါ။

ဒီအစီအစဉ်မှာ ပါဝင်ဖို့ အရည်အချင်း ကန့်သတ် ထားချက်တွေတော့ မရှိပါဘူး။

ကံစမ်းမဲ နှိုက်တဲ့ မြန်မာ ကျောင်းသူ၊ ကျောင်းသားတွေထဲက မဲပေါက်သူ ၃ ဦးကို ရွေးချယ် စေလွှတ်တာ ဖြစ်ပါတယ်။

အခမဲ့ မဲမပေါက်သူတွေကတော့ ခရီးစဉ်အတွက် ကုန်ကျ စရိတ်အဖြစ် အမေရိကန်ဒေါ်လာ ၅၅၀ဝ ပေးသွင်းပြီး ခရီးစဉ်မှာ လိုက်ပါနိုင်တယ်လို့ သိရပါတယ်။