တရုတ်ရေတပ်သင်္ဘောတွေ သီလဝါ ဆိပ်ကမ်းကို ဆိုက်ရောက်

ဓာတ်ပုံ မူပိုင် b
Image caption တရုတ်ရေတပ်အဖွဲ့ကို မြန်မာအစိုးရက အခမ်းအနားနဲ့ ကြိုဆိုခဲ့

လေ့ကျင့်ရေးသင်္ဘော ZHENG HE နဲ့ ကာကွယ်ရေး သင်္ဘော WEI FANG တို့ ပါဝင်တဲ့ တရုတ် ရေတပ်အဖွဲ့တဖွဲ့ ရန်ကုန်မြို့ သီလဝါ ဆိပ်ကမ်းကို ဒီကနေ့ သောကြာနေ့က ရောက်ရှိလာပါတယ်။

တရုတ်ရေတပ်အဖွဲ့ ရောက်ရှိလာတာကို မြန်မာအစိုးရက အခမ်းအနားနဲ့ ကြိုဆိုခဲ့ပါတယ်။

မေလ ၂၃ရက်နေ့ကနေ မေလ ၂၇ ရက်နေ့အထိ ကြာမယ့် ဒီခရီးစဉ်ရဲ့ ရည်ရွယ်ချက်ဟာ မြန်မာ တရုတ် ရေတပ် ပူးပေါင်းဆောင်ရွက်မှု တိုးတက်စေဖို့နဲ့ ရေတပ်အချင်းချင်း ချစ်ကြည်ရင်းနှီးစေဖို့ အတွက် ဖြစ်တယ်လို့ တရုတ် သံရုံးက ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ဒီခရီးစဉ်အတွင်း နှစ်နိုင်ငံ ရေတပ် စစ်ရေး လေ့ကျင့်ရေး တွေ လုပ်ဆောင်သွားပြီး အဲဒီနောက် အိန္ဒိယနိုင်ငံ၊ အင်ဒိုနီးရှား နိုင်ငံနဲ့ ဗီယက်နမ် နိုင်ငံတွေဆီ ဆက်လက် ထွက်ခွာမယ်လို့ ဆိုပါတယ်။

မြန်မာနဲ့ တရုတ် ဆက်ဆံရေးဟာ ၁၉၆၀ ပြည့်လွန်နှစ်တွေကတည်းကိုက ရင်းနှီး ချစ်ကြည်မှု ရှိခဲ့ကြောင်း၊ အိန္ဒိယ၊ ဂျပန်၊ အမေရိကန် အပါအဝင် သံတမန်ရေး နယ်ပယ်တွေ တိုးချဲ့လာပေမယ့် တရုတ်နဲ့ မြန်မာအကြား စစ်ရေး အရ အလွန် ရင်းနှီးတယ် ဆိုတာကို ဒီခရီးစဉ်က ဖေါ်ပြလိုက်တာ ဖြစ်ကြောင်း အာရှ ပစိဖိတ် ဒေသ လုံခြုံရေး ဆိုင်ရာ အကဲခတ် ဒေါက်တာ Sayed Mahmed Ali က သုံးသပ်ပါတယ်။

မြန်မာနိုင်ငံမှာ မကြာသေးခင်က တည်ဆောက်ခဲ့တဲ့ စစ်သင်္ဘောတွေမှာ တရုတ် လက်နက်တွေ တပ်ဆင်ထားပါတယ်။

ဒါ့အပြင် ရေပိုင်နက် အငြင်းပွားမှုတွေကြောင့် ဒေသတွင်း နိုင်ငံတချို့နဲ့ မပြေမလည် ဖြစ်နေချိန်မှာ အခု ခရီးစဉ်ဟာ အိန္ဒိယ သမုဒ္ဒရာအတွင်း တရုတ် ရေတပ်ရဲ့ အားကို ပြလိုက်တာ ဖြစ်နိုင်တယ်လို့လည်း သူက သုံးသပ် ပြောဆိုသွားပါတယ်။