အခြေခံဥပဒေပြင်ရေး လူထုဆန္ဒ လက်မှတ်တွေ စကောက်

Image caption နေပြည်တော် ဥတ္တရ သီရိမြို့နယ် NLD ရုံးမှာ ဒေါ်အောင်ဆန်း စုကြည် လက်မှတ်ရေးထိုး ဆန္ဒ ထုတ်ဖော်

၂၀၀၈ အခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့ အစည်းတို့ ပူးပေါင်းပြီး နိုင်ငံတဝှမ်း လူထု ဆန္ဒ လက်မှတ် ကောက်ယူမှုတွေ ဒီကနေ့ မေလ ၂၇ရက်နေ့ကနေ စတင် ပြုလုပ်နေပါတယ်။

NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း နေပြည်တော် ဥတ္တရ သီရိ မြို့နယ် NLD ရုံးမှာ လက်မှတ် ရေးထိုး ဆန္ဒ ထုတ်ဖေါ်ခဲ့ပြီး အခြေခံ ဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ လူထု ဟောပြောပွဲ လုပ်ခဲ့ပါတယ်။

တပ်မတော်သား ကိုယ်စားလှယ်တွေရဲ့ သဘောတူညီမှု ရှိမှ အခြေခံ ဥပဒေထဲမှာ ပါတဲ့ အဓိက အချက်တွေကို ပြင်နိုင်မယ်။ ဒါ့ကြောင့် ပုဒ်မ ၄၃၆ကို စပြင်ဖို့ လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

ပြီးခဲ့တဲ့ သီတင်း တစ်ပတ်ကျော်ကတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး ဆိုင်ရာ လူထု စည်းဝေးပွဲတွေမှာ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် တွေကို စိန်ခေါ်တဲ့ ပြောဆိုမှုတွေ ပြုလုပ်ခဲ့တဲ့ ဒေါ်အောင်ဆန်း စုကြည်ကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပါ စည်းကမ်း တွေကို လိုက်နာဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် သတိပေးထား ပါတယ်။

ကောက်ခံ ရရှိတဲ့ လက်မှတ်တွေကို သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်နဲ့ လွှတ်တော် ထံ ပေးပို့သွားမယ်လို့ သိရပါတယ်။

လူထု ဆန္ဒ လက်မှတ် ကောက်ယူမှုတွေကို ဇူလိုင်လ ၁၉ရက်နေ့အထိ ရက်ပေါင်း ၅၄ရက် လုပ်သွားဖို့ စီစဉ်ထားပါတယ်။