မဲခေါင်ဒေသ မူးယစ်ဆေးပြဿနာ ဘယ်လို တိုက်ဖျက်မလဲ

Villagers at Opium fields in Shan State, Burma ဓာတ်ပုံ မူပိုင် AP
Image caption ၂၀၁၂ ခုနှစ်က တွေ့ရတဲ့ ရှမ်းပြည်နယ်က ဘိန်းခင်း

အရှေ့တောင်အာရှ ဒေသ မှာ မူးယစ်ဆေးဝါးထုတ်လုပ် ရောင်းဝယ်မှုတွေ ပိုတိုးလာတဲ့ အတွက် တရုတ်နိုင်ငံနဲ့ မဲခေါင် ဒေသတွင်းနိုင်ငံတွေ ပူးပေါင်း တိုက်ဖျက်ကြဖို့ တရုတ်နိုင်ငံမှာ ပြုလုပ်တဲ့ UNODC ရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာ ဒေသတွင်း အစည်း အဝေးမှာ ကတိပြုခဲ့ကြ ပါတယ်။

နယ်ဖြတ်ကျော် ရောင်းဝယ် ဖောက်ကားမှုတွေ ထုတ်လုပ်မှု တွေကို ဒေသတွင်း မှာရော နိုင်ငံတကာ နဲ့ပါ ပူးပေါင်း တိုက်ဖျက် နေတဲ့ကြားက မဲခေါင် ဒေသတွင်းမှာ ပိုမိုတိုးတက်လာနေတယ်လို့ UNODC က ပြောပါတယ်။

ဒါပေမဲ့ မြန်မာ နိုင်ငံ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စီမံကိန်း ဌာနက ဌာနမှူး ရဲမှူးကြီး ဇော်လင်းထွန်းက မူးယစ်ဆေးဝါး အန္တရာယ်က ဒေသတွင်းမှာ စိုးရိမ်စရာ အထိ မဖြစ်ကြောင်းနဲ့ မဲခေါင် ဒေသနိုင်ငံတွေ အနေနဲ့ မူးယစ်ဆေးဝါး ပြဿနာကို ဦးစားပေး တာဝန် အနေနဲ့ ဆောင်ရွက် သွားမယ်လို့ ပြောပါတယ်။

ဒီနေရာမှာ နယ်စပ် ဖြတ်ကျော် မှုခင်းတွေကို တိုက်ဖျက်ရေး အတွက် မြန်မာ၊ တရုတ်၊ လာအိုနဲ့ ထိုင်းနိုင်ငံတို့မှာ နယ်ခြား ဆက်ဆံရေး ရုံးတွေ ဖွင့်လှစ်ပြီး သတင်း အချက် အလက် ဖလှယ်ရေး စနစ်၊ သတင်းပို့ရေး စနစ်တွေနဲ့ စီမံကိန်းတွေ ချမှတ် လုပ်ဆောင် နေတယ်လို့ သူက ပြောပါတယ်။

မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ဆောင် နေတဲ့ကြားက ဘိန်းစိုက်ပျိုးမှုတွေ၊ မက်တာအန်ဖက်တမင်း ဆေးပြားတွေ ထုတ်လုပ် ရောင်းချမှု ပိုများလာတာက တားဆီး နှိမ်နင်းရေး အဖွဲ့တွေ လက်လှမ်း မမီနိုင်တဲ့ ထိန်းချုပ်မှု လွတ်တဲ့ နေရာတွေ၊ လက်နက်ကိုင် အဖွဲ့အစည်းတွေထိန်းချုပ်တဲ့ နေရာ တွေမှာ ဖြစ်တယ်လို့ ရဲမှူးကြီး ဇော်လင်းထွန်းက ပြောပါတယ်။

မြန်မာ နိုင်ငံ မူးယစ်ဆေးဝါး သုံးစွဲမှုနဲ့ ထုတ်လုပ်မှု ကျဆင်းရေး အတွက် အစားထိုး ဖွံ့ဖြိုးရေး လုပ်ငန်းတွေ၊ ကုသရေးပိုင်းနဲ့ နောက်ဆက်တွဲ အန္တရာယ် လျှော့ချရေး အတွက် UNODC က အကူအညီ ပေးတယ်လို့ သူက ပြောပါတယ်။

မြန်မာ နိုင်ငံ အနေနဲ့ အစားထိုး ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို မြို့နယ် ၃ မြို့နယ်မှာပဲ လုပ်နိုင်သေးတယ်၊ ဒါတွေဟာ လူမှုစီးပွားတိုးတက်ရေး လုပ်ငန်းတွေ ဖြစ်တဲ့ အတွက် အကျိုးကျေးဇူးတွေကို နောင် ၅ နှစ်လောက်ကြာမှ တွေ့နိုင်မှာ ဖြစ်တယ်လို့လည်း ရဲမှူးကြီး ဇော်လင်းထွန်းက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ