အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမား တွေ့ဆုံ

ဓာတ်ပုံ မူပိုင် AP
Image caption မေဒေးနေ့က ဆန္ဒပြ အလုပ်သမားများ

အလုပ်သမားရေးရာဌာနတွေဟာ စက်မှုဇုန် တွေက အလုပ်ရှင်နဲ့ အလုပ်သမားတွေကို တွေ့ဆုံ ဆွေးနွေးနေပါတယ်။

အလုပ်သမား အဖွဲ့အစည်းတွေ ဖွဲ့ဖို့၊ လုပ်ခလစာ နဲ့ လူမှုဖူလုံရေး ခံစားခွင့်တွေ ရဖို့ အပြင် အလုပ်ရှင်နဲ့ အလုပ်သမားအကြား ပြဿနာတွေ ဖြေရှင်းဖို့ လှိုင်သာယာ၊ ရွေပေါက်ကံ၊ မင်္ဂလာဒုံ ၊ မြောက်ဥက္ကလာ စတဲ့ စက်မှုဇုန်တွေမှာ အစိုးရ အလုပ်သမားရေးရာ ဌာနတွေ ဦးဆောင်ပြီး အလုပ်ရှင် နဲ့ အလုပ်သမားတွေ တွေ့ဆုံဆွေးနွေးနေတာ ဖြစ်ပါတယ်။

အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ရေးမှာ သင့်တင့်တဲ့ နှုန်းထား သတ်မှတ်နိုင်ဖို့ ဒီဆွေးနွေးပွဲမှာလဲ ထည့်သွင်း စဉ်းစားနေတယ်လို့ အလုပ်ရှင်နဲ့ အလုပ်သမား ဥပဒေစိစစ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြောပါတယ်။

အလုပ်သမားတွေကတော့ ဒီဆွေးနွေးပွဲအတွက် အကြောင်းကြားမှုတွေ အချိန်မီ မရခဲ့သလို ဆွေးနွေးရာမှာလည်း သူတို့တွေရဲ့ လိုအပ်ချက်တွေကိုလည်း တင်ပြခွင့်မရခဲ့ဘူးလို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အလုပ်သမား တစ်ဦးရဲ့ အနိမ့်ဆုံး လုပ်ခလစာဟာ နှစ်သောင်းခြောက်ထောင် ရှိပြီး စက်မှုဇုန်အလုပ်သမားတွေရဲ့ လုပ်ခ လစာ တိုးမြှင့်ရေး တောင်းဆိုမှုတွေလည်း ရှိနေပါတယ်။

လက်ရှိမှာ အစိုးရအနေနဲ့ အနိမ့်ဆုံး လုပ်ခလစာ တရားဝင် ပြဌာန်းနိုင်ရေးအတွက် သက်ဆိုင်ရာ ပြည်နယ်တိုင်းဒေသကြီး အစိုးရအဖွဲ့တွေက စစ်တမ်းတွေ ကောက်ယူနေပြီး ဒီကရတဲ့ အချက်အလက်တွေကို လုပ်ခလစာ သတ်မှတ်ရေး ပြည်ထောင်စု ကော်မတီကို ဒီလအတွင်း တင်ပြမှာ ဖြစ်ပါတယ်။ ဒီကနေမှ လူထုကို ချပြပြီး ပြည်ထောင်စု အစိုးရအဖွဲ့ ခွင့်ပြုချက်နဲ့ ဒီနှစ်မကုန်ခင် အနိမ့်ဆုံး လုပ်ခလစာ ကို သတ်မှတ် အတည်ပြုနိုင်မယ်လို့ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ