တရုတ်မြန်မာ နယ်စပ်မျဉ်းပြန်သတ်မှတ်တာကို မကြေနပ်

ဓာတ်ပုံ မူပိုင် bbc
Image caption လယ်ယာ ခြံမြေ တလက်မမှ ကျူးကျော်မခံဘူးလို့ ဒေသခံ လယ်သမားတွေက ပြော

ရှမ်းပြည်နယ် နမ့်ခမ်း မြို့နယ်နဲ့ ထိစပ်နေတဲ့ တရုတ် မြန်မာ နယ်စပ်မှာ နှစ်နိုင်ငံ နယ်ခြား မျဉ်း တိုင်းတာရေး တာဝန်ရှိသူတွေက ပြီးခဲ့တဲ့ ရက်ပိုင်းက နယ်ခြားမျဉ်း ပြန်လည် တိုင်းတာ သတ်မှတ်လိုက်ရာမှာ မြန်မာဘက်က လယ်မြေ တချို့ တရုတ်နိုင်ငံ ဘက်ခြမ်းကို ပါသွားတဲ့ အတွက် ဒေသခံ လယ်သမားတွေ မကျေမနပ် ဖြစ်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

မေလ ၂၇ ရက် ကနေ မေလ ၃၀ ရက်နေ့ အထိ နှစ်နိုင်ငံ နယ်ခြားမျဉ်း ပြန်တိုင်း ရာမှာ အရင်ရှိပြီးသား နယ်ခြား မှတ်တိုင် အဟောင်း နေရာတွေ ကနေ မြန်မာပြည် အတွင်းပိုင်း အထိ လာရောက် တိုင်စိုက်ပြီး နယ်ခြားမျဉ်း သတ်မှတ် လိုက်တဲ့ အတွက် မြန်မာ ဘက်ခြမ်းက လယ်မြေ ဧက ၁၅၀ နီးပါး လောက် တရုတ်ဘက် အခြမ်းကို ပါသွားမယ်လို့ ဆိုပါတယ်။

ဒေသခံ လယ်သမားတွေ က သူတို့မြေ တလက်မမှ မပေးဘူးဆိုပြီး အခုလို ဆန္ဒပြတဲ့ အထိ ဖြစ်ခဲ့ တာလို့ နမ့်ခမ်း ဒေသခံ စိုင်းမောက်စိုင်းက ပြောပါတယ်။

အဲဒီ နယ်ခြား တိုင် အသစ် နေရာတွေမှာ တရုတ်ဘက်က ညောင်ပင် အလတ် ၂ ပင် လာစိုက်ခဲ့တာကြောင့် ရွာသားတွေက ဆွဲနုတ်ပစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီလို သစ်သား တိုင်တွေ ထူတာဟာ တိုင်းတာမှု အတွက် အထောက် အကူ ဖြစ်အောင် ယာယီ ထူတာသာ ဖြစ်လို့ တိုင်တွေကို ဖျက်ဆီးတာတွေ မလုပ်ဖို့ မူဆယ် မြို့နယ် အုပ်ချုပ်ရေးမှူးက အစည်းအဝေး ခေါ်ပြီး ပြောကြားခဲ့ပါတယ်။

အခုလို တိုင်းတာမှု အသစ်နဲ့ ပတ်သက်လို့ မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူးကို ဘီဘီစီက ဖုန်းဆက် မေးမြန်းခဲ့ ပေမယ့်လည်း ဒီမြေတိုင်းတဲ့ ကိစ္စဟာ မြေပုံ နဲ့ တကွ ရှင်းပြမှ နားလည်မှာ ဖြစ်လို့ ဖုန်းနဲ့ ရှင်းပြဖို့ မဖြစ်နိုင်ကြောင်း ဖြေကြားသွားခဲ့ပါတယ်။

မြန်မာ အစိုးရ အဆက်ဆက် တရုတ် မြန်မာ နယ်ခြား သတ်မှတ်တဲ့ နေရာမှာ မြန်မာဘက်က နစ်နာတယ်ဆိုတဲ့ အငြင်းပွားဖွယ် ကိစ္စရပ်တွေ အရင်ကလည်း ရှိခဲ့ဘူးတာကြောင့် အခု ကိစ္စမှာလည်း ထပ်ပြီး နစ်နာမှုတွေ ဖြစ်လာမလား ဆိုပြီး ဒေသခံတွေ အကြား စိုးရိမ်မှုတွေ တိုးပွားလာနေတယ်လို့ သိရပါတယ်။