ကာချုပ်နှင့် ကေအန်ယူ ကိုယ်စားလှယ်တွေဆုံ

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ တပ်မတော် ထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ ကေအန်ယူ ကရင်အမျိုးသား အစည်းအရုံး ဥက္ကဌ စောမူတူးစေးဖိုး ဦးဆောင်တဲ့ ထိပ်ပိုင်း ခေါင်းဆောင်တွေ နေပြည်တော်က ဘုရင့်နောင်ရိပ်သာ ခန်းမမှာ ဗုဒ္ဓဟူးနေ့က တွေ့ဆုံခဲ့ကြပါတယ်။

လက်ရှိ ဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေမှာ အောင်မြင်တဲ့အထိ ဆောင်ရွက်သွားဖို့ တပ်မတော်က ဆုံးဖြတ်ထားတဲ့ အကြောင်း ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ပြောခဲ့တယ်လို့ ကိုယ်စားလှယ် အဖွဲ့မှာ ပါတဲ့ ပဒို မန်းငြိမ်းမောင်က ပြောခဲ့ပါတယ်။

ကေအန်ယူ ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးကလဲ ငြိမ်းချမ်းရေး ရသည်အထိ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြန်ပြောခဲ့ကြောင်း သိရပါတယ်။ တစ်ဦးနဲ့ တစ်ဦး နိုင်ငံရေး အမြတ်ထုတ်မှု မရှိဘဲ ငြိမ်းချမ်းရေး လုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်သွားလိုတဲ့ ကေအန်ယူ သဘောထားကိုလဲ ရှင်းပြခဲ့ပါတယ်။

အခု စည်းဝေးပွဲက တခြား တိုင်းရင်းသား လက်နက်ကိုင်တွေ မပါဘဲ ကေအန်ယူနဲ့ပဲ သီးခြား တွေ့ဆုံတာ ဖြစ်ပါတယ်။ မတွေ့ဆုံတာ သုံးလလောက် ကြာနေပြီ ဖြစ်တဲ့အတွက် ကေအန်ယူဖက်က တွေ့ခွင့်တောင်းလို့ အခုလို တွေ့ဖြစ်တာပါ။

ကေအန်ယူ ခေါင်းဆောင်တွေဟာ ညပိုင်းမှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့လည်းတွေ့ဖို့ရှိသလို ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းနဲ့လည်း တွေ့ဖို့ အစီအစဉ်ရှိတယ်လို့ သတင်းရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ