အလဲဗင်း တရားစွဲခံရမယ်လို့ ပြန်ကြားရေးဆို

_burma_press_ ဓာတ်ပုံ မူပိုင် AFP
Image caption မြန်မာနိုင်ငံက သတင်းဂျာနယ် ပုံနှိပ်လုပ်ငန်း

အစိုးရ ပြန်ကြားရေး ဝန်ကြီးဌာန ကနေ၊ နိုင်ငံခြား ပုံနှိပ်စက် တွေ ဝယ်ယူခဲ့ရာ မှာ၊ စျေးအဆမတန် ပိုတင်ပြီး၊ စာရင်းပြခဲ့တယ် ဆိုတဲ့ ဂျွန်လ ၂ ရက်နေ့ထုတ် အလဲဗင်း သတင်းစာရဲ့ ရေးသားမှု အပေါ်၊ တာဝန်မဲ့ သတင်းပေးပို့မှု အဖြစ်၊ အစိုးရက ပြစ်တင်လိုက် သလို၊ တရားစွဲဆို ခံရနိုင်တယ် ဆိုပြီးတော့ လည်း သတိပေး လိုက်ပါ တယ်။

ဒီလို ပြောဆို လိုက်တာ ဟာ၊ မနေ့ ဂျွန်လ ၆ ရက် နေ့၊ သတင်းမီဒီယာ သမားတွေ ကို၊ ပြန်ကြားရေး ဝန်ကြီးဌာန က၊ ခေါ်တွေ့ပြီး၊ သတင်းစာ ရှင်းလင်းပွဲ လုပ်စဉ် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲကို တက်ရောက်ခဲ့တဲ့ သတင်းစာ သမားတွေက၊ အစိုးရ ရဲ့ ဒီလို ပြောဆိုမှု ဟာ၊ မီဒီယာလောက တစ်ခုလုံး ကို သွယ်ဝိုက် ခြိမ်းခြောက် လိုက်တာပဲ ဆိုပြီး ပြောဆို ခဲ့ကြသလို၊ ပြန်ကြားရေးဌာန ရဲ့ ငွေသုံးစွဲမှုဟာ ပွင့်လင်း မြင်သာမှု မရှိတဲ့ အတွက် ဒီလို ပြဿနာ တွေ ဖြစ်လာရတာလို့ လည်း တုန့်ပြန် မေးခွန်း ထုတ်ခဲ့ပါတယ်။

ဒါပေမယ့်၊ ပုံနှိပ်စက်တွေ ဝယ်ယူတဲ့ အခါ၊ အစိုးရပိုင် သတင်းစာတွေ မှာ တင်ဒါတွေ ခေါ်ပြီးမှ၊ လုပ်ထုံး နည်းဥပဒေတွေ အညီ ဆောင်ရွက်ခဲ့တာ ဖြစ်တယ် ဆိုပြီး၊ ပြန်ကြားရေး ဝန်ကြီးဌာန က ဖြေရှင်းခဲ့ပါ တယ်။

အဲဒီ နေပြည်တော် သတင်းစာ ရှင်းလင်းပွဲ အတွင်းမှာပဲ၊ လာမယ့် ဇွန်လ ၁၀ရက်ကနေ ၁၂ရက်နေ့အထိ မြန်မာနိုင်ငံ မှာ ကျင်းပမယ့်၊ အာဆီယံ ပြန်ကြားရေး ၀န်ကြီးများအဆင့် အစည်းအဝေးနဲ့ ပတ်သက်တဲ့ အစီအစဉ်တွေ ကို၊ အစိုးရဘက် က ထုတ်ပြန် ပေးခဲ့ပါတယ်။

ဒါ့အပြင်၊ အစိုးရက ရေးဆွဲနေတဲ့ အများပြည်သူ့ ဝန်ဆောင်မှု မီဒီယာ ဥပဒေကြမ်း နဲ့ ပတ်သက်ပြီးတော့ လည်း ရှင်းပြခဲ့ပါတယ်။

ဒီဥပဒေဟာ အစိုးရ ရုပ်မြင်သံကြား ရေဒီယိုနဲ့ သတင်းစာတွေကို၊ အများပြည်သူ အတွက် ဝန်ဆောင်မှု လုပ်ငန်း အသွင် ပြောင်းလဲဖို့ နဲ့ ပုဂ္ဂလိကပိုင် မီဒီယာလုပ်ငန်းတွေ ကို မထိခိုက်ဖို့ အာမခံတယ် လို့လည်း ဆိုပါတယ်။

လက်ရှိ အစိုးရ မီဒီယာတွေမှာ အခကြေးငွေယူ ဖော်ပြပေးနေတဲ့ ကြော်ငြာ ကဏ္ဍရဲ့ ၃၀ ရာခိုင်နှုန်း ကို လျော့ချခြင်း အားဖြင့်၊ ပုဂ္ဂလိက မီဒီယာတွေဆီမှာ ကြော်ငြာလက်ခံ ရရှိနိုင်မှု မြင့်မားလာအောင် ပြုလုပ် ပေးမယ် ဆိုပြီး၊ ပြန်ကြားရေး ဌာနက ပြောခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ