ပီအာစံနစ်နဲ့ အရွေးကောက်ခံဖို့ ဆုံးဖြတ်

_hluttaw
Image caption နေပြည်တော် လွှတ်တော် အဆောက်အဦ

လာမယ့် ရွေးကောက်ပွဲတွေ အတွင်း၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် နေရာတွေ အတွက်၊ PR စံနစ် လို့ ခေါ်တဲ့ အချိုးကျ ကိုယ်စားပြု စံနစ်နဲ့ ရွေးချယ်သွားဖို့ ကို၊ အမျိုးသား လွှတ်တော် အတွင်း မှာ ဂျွန်လ ၁၁ ရက် က အတည်ပြု လိုက်ပါ တယ်။

PR စံနစ်အရ၊ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပါတီတွေဟာ၊ ရရှိတဲ့ ထောက်ခံမဲ အရေအတွက်ပေါ် မူတည်ပြီး လွှတ်တော်အမတ် နေရာတွေကို အချိုးကြ ခွဲဝေယူနိုင်မှာ ဖြစ်ပါတယ်။

ဒီစံနစ်ကို အသုံးပြုမလား ဆိုတာကို၊ အမျိုးသား လွှတ်တော်ထဲမှာ ဆွေးနွေးခဲ့ကြပြီး၊ မဲခွဲ ဆုံးဖြတ်ခဲ့ကြတာမှာ၊ PR စံနစ်ကို အသုံးပြုဖို့ ထောက်ခံမဲ ၁၁၇ မဲရှိပြီး၊ ကန့်ကွက်မဲက ၈၅ ရှိခဲ့ပါတယ်။

ကန့်ကွက်မဲ ပေးခဲ့ကြတာမှာ ဒီကနေ့ အမျိုးသား လွှတ်တော် အစည်းအဝေးကို တက်ရောက်ခဲ့ကြတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ အားလုံးနဲ့၊ တိုင်းရင်းသားပါတီက အမတ်တွေ ပါဝင်တယ်လို့ အမျိုးသားလွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်က ပြောပါတယ်။

တိုင်းရင်းသား ဒေသတွေမှာ၊ ဒေသခံ လူမျိုးစုဝင်တွေရဲ့ ပါတီ မဟုတ်ပဲ၊ လာရောက် ယှဉ်ပြိုင်ကြမယ့် အခြား ပါတီတွေကို၊ လွှတ်တော်အမတ် နေရာတွေ ခွဲဝေပေးရတာမျိုး ဖြစ်လာနိုင်တဲ့ အတွက်၊ တိုင်းရင်းသား ပါတီတွေ အနေနဲ့၊ PR စံနစ်အပေါ်၊ ကြေလည်မှု မရှိတာ ဆိုပြီးတော့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီရဲ့ အမျိုးသား လွှတ်တော် အမတ် ဒေါက်တာ ဗညားအောင်မိုးက ဆိုပါတယ်။

ဒီ PR စံနစ်ကို လက်တွေ့ အကောင်အထည် ဖော်ဖို့၊ အမျိုးသား လွှတ်တော်ကနေ ၁၅ ဦးပါ ကော်မတီ တစ်ရပ်ဖွဲ့စည်းထားပြီး၊ အတိတကျ ဘယ်လို အကောင်အထည် ဖော်သွားမလဲဆိုတာ ဆုံးဖြတ်မှာ ဖြစ်တယ်လို့လည်း ဒေါက်တာ ဗညားအောင်မိုးက ပြောပါတယ်။

အရင် ရွေးကောက်ပွဲတုန်းကတော့ မဲအများဆုံးရတဲ့ ကိုယ်စားလှယ်ကိုသာ ရွေးကောက်ခဲ့တာ ဖြစ်ပြီး၊ အခု PR စံနစ်ရဲ့ လွှတ်တော်ကိုယ်စားလှယ် ရွေးချယ်ရာမှာ၊ မဲပေးပုံ စံနစ်က လူထုအတွက် ရှုပ်ထွေးမှုတွေ ဖြစ်နေတာကြောင့် ဝေဖန်မှုတွေလည်း ရှိနေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ