မဟာသန္တိသုခမှ သံဃာ၂၀ကိုဆက်ထိန်းသိမ်းထား

သန္တိသုခကျောင်းတိုက်ကို ညအချိန် ဝင်ရောက် ချိပ်ပိတ်ခဲ့။
Image caption သန္တိသုခကျောင်းတိုက်ကို ညအချိန် ဝင်ရောက် ချိပ်ပိတ်ခဲ့။

တာမွေမြို့နယ် နတ်ချောင်းမှာရှိတဲ့ အငြင်း ပွားနေတဲ့ မဟာ သန္တိသုခကျောင်းတော်ကို မနေ့ည ၁၁နာရီ လောက်က တိုင်းသံဃမဟာ နာယကနဲ့ အာဏာပိုင်တွေ ဝင်ရောက် ချိပ်ပိတ် လိုက်ပါတယ်။ ကျောင်းတော်ကြီးမှာ သတင်းသုံးနေတဲ့ ပီနန် ဆရာတော် ဉီးပညာဝံသရဲ့ တပည့်သံဃာ ၂၀နဲ့လူ၃၂ယောက် တို့ကို ဖမ်းဆီး ခေါ်ဆောင် သွားပါတယ်။ ဒီကနေ့မှာ လူ၃၂ယောက်ကို တာမွေရဲစခန်းက ခံဝန်ချက်နဲ့ ပြန်လွှတ်ပေး လိုက်ပါတယ်။

သံဃာတော်တွေကိုတော့ ဆက်လက် ထိန်းသိမ်းထားပြီး ဘယ်လိုဆုံးဖြတ်မယ်ဆိုတာ စိစစ်သွားမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ကျောင်းတိုက်က ထွက်ခွာဖို့ အကြိမ်ကြိမ် သတိပေးပေမယ့် မလိုက်နာတဲ့အတွက် သံဃာ့ မဟာနာယကရဲ့ အမိန့်ကို အားလုံး ရှေ့မှောက်မှာ ဖတ်ပြပြီးအခုလို ဆောင်ရွက်ရတာလို့ ရန်ကုန်တိုင်းဒေသကြီး တိုင်းသာသနာရေးမှူး ဉီးစိန်မော်က သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ သန္တိသုခကျောင်းနဲ့ ပတ်သက်လို့ နိုင်ငံခြားမှာ ရောက်နေတဲ့ ပီနန်ဆရာတော်ကြီး ကိုယ်တိုင် လာရောက် ရှင်းလင်းဖို့ လိုတယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ နိုင်ငံတော်သမ္မတရုံး အကြံပေး ဉီးအံ့မောင်က ပြောပါတယ်။

ဂျပန်နိုင်ငံကို ခေတ္တရောက်နေတဲ့ ပီနန်ဆရာတော်ကြီးကတော့ လက်နက်တခုမှမရှိတဲ့ သံဃာတော်တွေကို အခုလိုလက်နက်လူအင်အား အလုံးအရင်းနဲ့ သူမရှိတုန်း သူ့တပည့်တွေကို ၀င်ဖမ်းသွားတဲ့အတွက် ပိုစိတ်ထိခိုက်ရကြောင်း ဘီဘီစီကို ပြောပါတယ်။

နိုင်ငံတကာမှာ လူသိများတဲ့ မဟာသန္တိသု ခကျောင်းကြီးကို သူကိုယ်တိုင် စတင်ထူထောင်တာကို အားလုံး အသိဖြစ်ကြောင်း အခုအခါ နိုင်ငံတော် သံဃာ့ မဟာနာယက အဖွဲ့ကပါ ပိုင်ဆိုင်တယ်လို့ ပြောလာလို့ ဒီကိစ္စကို သမ္မတ ထံစာတင်ထားကြောင်း လောလောဆယ် ဂျပန်မှာ ကိစ္စပြီးရင် မြန်မာပြည်ကို ပြန်လာမှာ ဖြစ်ကြောင်း ပီနန်ဆရာတော်က ဘီဘီစီကို မိန့်ကြားသွားပါတယ်။