စုစုနွေးကို ပုဒ်မ၁၈နဲ့ တရားစွဲလိုက်

Image caption စစ်တပ်က သိမ်းထားတဲ့ လယ်မြေတွေ ပြန်ရရေး တောင်းဆိုမှုတွေ နေ့စဉ် ရက်ဆက် ရှိနေ

သိမ်းဆည်းခံ လယ်ယာမြေတွေ ပြန်ရရေး ပြင်ဦးလွင်မြို့ပေါ်မှာ ဒေသခံ ၁၅၀နဲ့ ဇွန်လ ၁၆ ရက်နေ့က ဆန္ဒပြခဲ့တဲ့ ဆန္ဒပြ ခေါင်းဆောင် မစုစုနွေးကို ခွင့်ပြုမိန့် မရဘဲ စီတန်း လှည့်လည် လို့ ဆိုပြီး ပုဒ်မ ၁၈နဲ့ တရားစွဲလိုက်ပါတယ်။

ပြင်ဦးလွင်မြို့နယ် ထုံးဘိုရွာမှာ စစ်တပ်က သိမ်းပြီး အစိုးရနဲ့ နီးစပ်တဲ့ စီးပွားရေး လုပ်ငန်းရှင် တဦးကို ကော်ဖီခြံ စိုက်ဖို့ ငှားရမ်းထားတဲ့ မြေတွေ ပြန်ရရေးနဲ့ မြေ ပြန်ရရေး လှုပ်ရှားသူတွေကို ကော်ဖီခြံ လုပ်သားတွေက ရိုက်နှက်ခဲ့တဲ့ ကိစ္စ အရေးယူပေးဖို့ ဦးဆောင် ဆန္ဒပြ တောင်းဆိုခဲ့တဲ့ မြန်မာနိုင်ငံ တောင်သူလယ်သမား သမဂ္ဂများ ဖြစ်မြောက်ရေး တာဝန်ခံ မစုစုနွေးကို ပုဒ်မ ၁၈နဲ့ ပြင်ဦးလွင် မြို့နယ် ရဲမှူးက တရားစွဲလိုက်တာပါ။

ပြီးခဲ့တဲ့ ဇွန်လ ၁၇ရက် နေ့လည်က ပြင်ဦးလွှင် မြို့နယ် ရဲမှူး လက်မှတ်နဲ့ စာပို့ပြီး ပုဒ်မ ၁၈နဲ့ တရားစွဲ လိုက်ကြောင်း အကြောင်းကြားလာတယ်လို့ မစုစုနွေးက ဘီဘီစီကို ပြောပြပါတယ်။

မန္တလေးတိုင်း အတွင်းမှာ သိမ်းဆည်းခံ လယ်ယာမြေတွေ ပြန်ရရေး ထွန်တုံး တိုက်ပွဲ ဝင်ခဲ့လို့ မတ္တရာ မြို့နယ်က လယ်သမား ခေါင်းဆောင် ၄ဦး ဟာလည်း ပြီးခဲ့တဲ့ လတွေက ပုဒ်မ ၁၈ အပါအဝင် ပိုင်နက် ကျူးလွန်မှုတွေနဲ့ တရားစွဲ ခံထားရတာလည်း ရှိပါသေးတယ်။

ဒီလို တရားစွဲ ခံရပေမယ့် မန္တလေးတိုင်း အတွင်းမှာ နေ့စဉ် ရက်ဆက် ဆိုသလို လယ်ယာမြေ ပြန်လည် ရလိုမှု လှုပ်ရှားမှုတွေက ရှိနေပါတယ်။

မနေ့ကလည်း မြစ်သားမြို့နယ် ပေတောရွာနဲ့ ၆ရွာလောက်မှာ ပွင့်ဖြူဝါ စိုက်ပျိုးရေး တပ်က သိမ်းထားတဲ့ လယ်မြေဧက ၃ထောင်ကျော် ရရှိရေး အတွက် နွားရှဉ်း ၇၀ လောက်နဲ့ သိမ်းထားတဲ့ မြေတွေပေါ်မှာ ဝင်ရောက် ထွန်ယက် နေတယ်လို့ သိရပါတယ်။