သမ္မတ အကြံပေးတွေ ထပ်ခန့်

Burmese President ဓာတ်ပုံ မူပိုင် Reuters
Image caption မြန်မာ သမ္မတ ဦးသိန်းစိန်က အကြံပေးတွေ ထပ်ခန့်

နိုင်ငံတော် သမ္မတက သူ့ရဲ့ အကြံပေး အဖွဲ့တွေကို တိုးချဲ့ ဖွဲ့စည်းလိုက်ပါတယ်။

ဇွန်လ ၁၈ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ အမိန့်ကြော်ငြာစာမှာ အဖွဲ့ဝင် ၆ ယောက်ကို တိုးချဲ့ခန့် အပ်လိုက်တာ ဖြစ်ပါတယ်။

သာသနာရေး ကိစ္စတွေ ကို အကြံပေးဖို့ သာသနာရေး ဝန်ကြီးဟောင်း ဦးမြင့်မောင်နဲ့ အငြိမ်းစား သံအမတ်ကြီး ဦးစိန်ဝင်းအောင် တို့ကို သာသနာရေး အကြံပေး အဖွဲ့ဆိုပြီး တိုးချဲ့ ခန့်ထားလိုက်တာ ထူးခြား တယ်လို့ လည်း သုံးသပ်နေကြပါတယ်။

သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးရဲထွဋ် ကတော့ မြန်မာ နိုင်ငံရဲ့ ပြောင်းလဲရေး ဆက်လက် အကောင်အထည် ဖော်ဖို့ လိုအပ်မယ် ထင်သူတွေကို အကြံပေး အဖြစ် သမ္မတက တာဝန်ပေးတာ ဖြစ်တယ်လို့ ပြောပါတယ်။

မဟာသန္တိသုခ ဘုန်းကြီးကျောင်း ချိပ်ပိတ်မှုနဲ့ ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့တဲ့ ဦးအံ့မောင်ဟာ အရင်အစိုးရ လက်ထက်က အကြံပေး ဖြစ်တယ်လို့ ဦးရဲထွဋ်က ပြောပါတယ်။

အဲဒီမှာ သမ္မတရဲ့ အကြံပေး အနေနဲ့ ပြောဆို ရှင်းလင်းခဲ့မှုကို အရေးယူဖို့ ရှိမရှိ ဘီဘီစီက မေးရာမှာတော့ သူက ဖြေဆိုခြင်း မရှိခဲ့ ပါဘူး။

ကျန်းမာရေး အကြံပေး အဖွဲ့မှာ ဒေါက်တာ ဒေါ်နုနုသာ၊ ပညာရေး အကြံပေး အဖွဲ့မှာ ရခိုင် ပဋိပက္ခ စုံစမ်းရေး ကော်မရှင်မှာ ပါဝင်ခဲ့သူတွေ ဖြစ်တဲ့ ဒေါက်တာ ဒေါ်ရင်ရင်နွယ်ကို အဖွဲ့ ခေါင်းဆောင်၊ ဒေါက်တာ ကျော်ရင်လှိုင်ကို အဖွဲ့ဝင် အဖြစ် ခန့်အပ် ပါတယ်။

စီးပွားရေး အကြံပေး အဖွဲ့ဝင်အဖြစ် အငြိမ်းစား ညွှန်ကြားရေးမှူး ဦးတင်ထွဋ်ဦးကို ခန့်ထား လိုက်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ