အောင်ရင်ငြိမ်းရဲ့ စာအုပ် ဆက်မထုတ်ဖို့ ပိတ်ပင်ခံရ

Image caption ဒီစာအုပ်ထဲမှာ လိင်ဆက်ဆံပုံတွေအကြောင်း ကွက်ကွက် ကွင်းကွင်း ရေးသားထားတဲ့ အတွက် ဝေဖန်တုန့်ပြန်သံတွေ ထွက်ပေါ်

ကဗျာဆရာ စာရေးဆရာ အောင်ရင်ငြိမ်း ရေးသားတဲ့ ရိုမန်ဘော့တ် တွေရဲ့ ကမ္ဘာ ဆိုတဲ့ စာအုပ်ပါ အကြောင်းအရာတွေဟာ ညစ်ညမ်း စာပေထဲမှာ အကျုံးဝင်နေတဲ့အတွက် တရားမဝင် စာအုပ်အဖြစ် ပြန်ကြားရေး ဌာနက ကြေညာဖို့ ရှိပြီး ဆက်ထုတ်ဝေ ဖြန့်ချိနေမယ် ဆိုရင် တရားစွဲမယ်လို့ သိရပါတယ်။

စာပေလောကသားတွေ ကြားမှာလည်း ဒီစာအုပ်ကို ညစ်ညမ်းစာပေအဖြစ် တချို့က ဝေဖန် ပြောဆိုနေကြ သလို တစ်ချို့ကတော့ ဒီစာအုပ်ဟာ အနုပညာ ပုံစံသစ်နဲ့ ဖန်တီး တင်ဆက်တာလို့ သုံးသပ်ပါတယ်။

စာရေးသူကတော့ ဒီစာအုပ်ဟာ ညစ်ညမ်း စာအုပ် မဟုတ်ပဲ အနုပညာလက်ရာတခု အနေနဲ့ ရေးထားတာလို့ သူ့ရဲ့ Facebook စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ပင်လယ်သစ် စာပေက ထုတ်ဝေ ဖြန့်ချိပြီး မူရင်းဈေး ကျပ်၂၅၀၀ ရောင်းတဲ့ ဒီစာအုပ်ဟာ လောလောဆယ် တစ်အုပ် ကို ကျပ်၈၀၀၀ လောက် ပေါက်ဈေး ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ စာပေစိစစ်ရေး ထိန်းချုပ်မှု အောက်ကနေ လွတ်လပ်ခွင့်ပေး လာတဲ့ နောက်ပိုင်းမှာ စာအုပ် ထုတ်ဝေရေး လုပ်ငန်းတွေမှာ ပြောင်းလဲမှု ရှိလာသလို စာအုပ်တွေလည်း လစဉ် ထောင်နဲ့ချီ ထွက်ရှိလာပါတယ်။

အဲဒီ စာအုပ်တွေထဲမှာ အခု ဒီစာအုပ်ကတော့ လိင်ဆက်ဆံပုံတွေ အကြောင်း ကွက်ကွက်ကွင်းကွင်း ရေးသားဖေါ်ပြ ထားပြီး အခုလို တုန့်ပြန်သံတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။