မဟာသန္တိသုခ အမှု သံဃာတော်တွေကို ဒုအကြိမ် ရုံးထုတ်

Monk's trial
Image caption ဇွန်လ ၂၀ ရက်နေ့က သံဃာတွေကို လူဝတ်နဲ့ ပထမအကြိမ် ရုံးထုတ်ခဲ့

ဇွန်လ ၁၀ ရက် ညက သာသနာရေး ဦးစီးဌာနက စီးနင်း ချိပ်ပိတ်ခဲ့တဲ့ မဟာသန္တိသုခကျောင်း အမှုမှာ လန်ဒန်က ဆရာတော် ဦးဥတ္တရ အပါအဝင် သံဃာ ၅ ပါး ကို သင်္ကန်းဝတ်နဲ့ ရုံးထုတ်ခဲ့ ပါတယ်။

သာသနာ အကြည်ညို ပျက်စေ မှုနဲ သာသနာရေး ဦးစီးဌာန က တရားစွဲဆိုထားတဲ့ သံဃာတွေကို ဒုတိယနေ့ ရုံးချိန်းမှာ အမှု ပိတ်သိမ်းမယ်လို့ အများက မျှော်လင့်ခဲ့ကြ ပေမဲ့ တရားလို ဖြစ်တဲ့ သာသနာရေး ဦးစီး ဌာနက အရာရှိကိုပဲ စစ်ဆေးပြီး ဇူလိုင်လ ၄ ရက်ကို ထပ်မံ ရုံးချိန်းပေးလိုက် ပါတယ်။

အမှုလာရောက်ရင်ဆိုင်တဲ့ လန်ဒန်က ဆရာတော် ဦးဥတ္တရက အမှုမှန်ပေါ်အောင် စစ်ဆေးဖို့ အရေးကြီးကြောင်း၊ သက်သေတွေရော တရားလိုတွေရော တရားခံတွေ ကိုပါ ဘက်မလိုက်ဘဲ အမှန်တရား ပေါ်အောင် စစ်နိုင်ဖို့ အခွင့် အရေးဟာ ရခဲကြောင်း ကြားနာ စစ်ဆေးမှု အပြီးမှာ သတင်းထောက်တွေကို မိန့်ကြားခဲ့ ပါတယ်။

မဟာသန္တိ သုခကျောင်းကို စီးနင်းမှုနဲ့ ပတ်သက်ပြီး တစ်နိုင်ငံလုံးက စိတ်ဝင်တစား ရှိနေကြသလို သာသနာရေး ဝန်ကြီးကို ဖမ်းဆီး အရေးယူထားတဲ့ အတွက် နောက်ပိုင်း ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာကိုလည်း နားစွင့် နေကြပါတယ်။

ဒုတိယ အကြိမ် သံဃာတွေကို စစ်ဆေးတဲ့ တရားခွင်ကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့ အဖွဲ့ အစည်းက ကိုမင်းကိုနိုင် အပါအဝင် နိုင်ငံရေး အသိုင်းအဝိုင်းက လူတွေ လာရောက် နားထောင် ခဲ့ကြ ပါတယ်။

အရင်တစ်ခေါက်က ဒီသံဃာတွေဟာ အတင်း အဓမ္မ လူဝတ်ခံခဲ့ရပြီး တာမွေ တရားရုံးကို လာရောက် အမှုရင်ဆိုင်ခဲ့ကြရဖြစ်ပါတယ်။

သံဃာတွေရဲ့ သဘောဆန္ဒ မပါဘဲ အတင်း လူဝတ်လဲခိုင်းတဲ့ ပြည်ထဲရေးနဲ့ သံဃာ့မဟာ နာယက အဖွဲ့ရဲ့ ကိုင်တွယ် ဖြေရှင်းပုံကြောင့် ကျန်ရှိတဲ့ သံဃာထုနဲ့ ပြည်သူတွေ အပေါ် မကျေနပ်မှုတွေ ပိုမိုဖြစ်စေနိုင်တယ်လို့ ကိုမင်းကိုနိုင်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ