သမ္မတ ဦးသိန်းစိန် တရုတ် ခေါင်းဆောင်တွေ နဲ့တွေ့

ဓာတ်ပုံ မူပိုင် AFP
Image caption ခေါင်းဆောင်တွေ အပြန်အလှန် လည်ပတ်မှု ပိုလုပ် မယ်လို့ဆို

တရုတ်နိုင်ငံ အနေနဲ့ ဘယ်လောက် အင်အားကြီး နိုင်ငံဖြစ်လာ ပါစေ၊ တခြား တိုင်းပြည်တွေ အပေါ်မှာ ဘယ်တော့မှ ကိုယ့်စိတ်ကြိုက် အတိုင်းပဲ ပြုမူ ဆက်ဆံ တာမျိုး လုပ်မှာ မဟုတ်ဘူး ဆိုပြီး တရုတ်သမ္မတ ရှီကျင်းပင်က ပြောလိုက်ပါတယ်။

တရုတ်ပြည်သူ့ သမ္မတ နိုင်ငံကို လာရောက် နေကြတဲ့ အိန္ဒိယနဲ့ မြန်မာ နိုင်ငံတို့က ခေါင်းဆာင်တွေကို၊ မြို့တော် ဘေဂျင်းမှာ တွေ့ဆုံစဉ် တရုတ် သမ္မတက ဒီလို ပြောလိုက်တာ ဖြစ်ပါတယ်။

တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံဟာ အနာဂတ်ချင်း ဆက်စပ် နေတဲ့ အိမ်နီးချင်းတွေ ဖြစ် ပြီး မြန်မာပြည် ရေရှည် တည်ငြိမ် ဖို့နဲ့ ဖွံ့ဖြိုး တိုးတက်ဖို့ တရုတ်က မျှော်လင့်ကြောင်း တရုတ်သမ္မတ ကပြောခဲ့တယ်လို့ ရှင်ဝှာ သတင်းဌာနက ရေးပါတယ်။

နှစ်နိုင်ငံ ချစ်ကြည်မှုနဲ့ အပြန်အလှန် လေးစားမှု၊ ပူးပေါင်း ဆောင်ရွက်မှု တွေကို ဆက်လက် ကိုင်စွဲ သွားမယ်လို့လည်း သူက ဆိုခဲ့ ပါတယ်။

နှစ်နိုင်ငံ ခေါင်းဆောင်အဆင့် အပြန်အလှန် လည်ပတ်မှု တွေလည်း တိုးမြှင့်လုပ် ဆောင် သွားမယ်လို့ တရုတ် သမ္မတက ဆိုပါတယ်။

သမ္မတ ဦးသိန်းစိန် ကလည်း နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထူထောင်ခဲ့တဲ့ ၆၄ နှစ်အတွင်း နှစ်နိုင်ငံကြား ချစ်ကြည် ရင်းနှီးမှု ပိုမို ခိုင်မာ လာခဲ့ကြောင်း ပြောပြီး မြန်မာအပေါ် တရုတ်ပြည်ရဲ့ ကာလ ရှည်ကြာ ထောက်ခံခဲ့မှု ကို ကျေးဇူး တင်ကြောင်း၊ မြန်မာနိုင်ငံ အနေနဲ့လည်း တရုတ်ပြည်ရဲ့ အဓိက အကျိုးစီးပွားနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ တရုတ်ပြည် ဘက်က ရပ်တည် သွားမယ် လို့ ဆိုခဲ့ကြောင်း ရှင်ဝှာ သတင်းက ရေးပါတယ်။

ဘယ်လို အကြောင်းအရာ တွေကို တရုတ်ပြည်ရဲ့ အဓိက အကျိုးစီးပွားတွေ အဖြစ် ရည်ညွှန်း ပြောခဲ့ သလဲ ဆိုတာတော့ရှင်းရှင်း လင်းလင်း မသိရပါဘူး။

သမ္မတ ဦးသိန်းစိန်က တရုတ် ပြည်ရဲ့ နောက်ထပ် ရင်းနှီး မြှုပ်နှံမှု တွေကိုလည်း ဖိတ်ခေါ်ခဲ့ပါတယ်။

ဒီခရီးစဉ် အတွင်းမှာ နှစ်နိုင်ငံ ယဉ်ကျေးမှု ဖလှယ်ရေး ပညာရေး နဲ့ကျန်းမာရေး ကိစ္စတွေမှာ ပူးပေါင်း ဆောင်ရွက်ရေး တွေကို သဘောတူ ခဲ့ကြ ပါတယ်။