UNFC နဲ့ နိုင်ငံရေးအင်အားစုတွေ တွေ့ကြမယ်

unfc_dassk_ ဓာတ်ပုံ မူပိုင် AFP
Image caption UNFC နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ကြစဉ်

ပြည်ထောင်စု တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ UNFC က ကိုယ်စားလှယ်တွေ နဲ့၊ ပြည်တွင်း နိုင်ငံရေး အင်အားစု ကိုယ်စားလှယ်တွေ ဟာ၊ ဇူလိုင်လ ၃ ရက် ၄ ရက်နေ့တွေ မှာ၊ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ မှာ တွေ့ဆုံ ဆွေးနွေးကြ ဖို့ ရှိပါတယ်။

UNFC နဲ့ တွေ့ဆုံကြမယ့်၊ ပြည်တွင်း နိုင်ငံရေး အင်အားစုတွေ ကတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD အပါအဝင်၊ ညီညွတ်သော တိုင်းရင်းသားများ မဟာမိတ်အဖွဲ့ UNA ၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း၊ ၁၉၉၀ ခုနှစ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အဖွဲ့နဲ့ ရှစ်လေးလုံးငွေရတု ဆုံးဖြတ်ချက်များ အကောင်အထည် ဖော်ရေးကော်မတီတို့က ကိုယ်စားလှယ်တွေ ဖြစ်ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေ ကြိုးပမ်းနေကြတဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့၊ ပြည်တွင်း နိုင်ငံရေး အင်အားစုတွေ လှုပ်ရှားနေကြတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေး ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လုပ်ငန်းတွေ၊ အချိတ်အဆက်မိမိ စုပေါင်း အကောင်အထည် ဖော်နိုင်ဖို့ ဆွေးနွေးသွားမယ် ဆိုပြီး၊ UNFC ရဲ့ တွဲဘက် အတွင်းရေးမှူး ၂ ဉီးခွန်ဥက္ကာ က ပြောပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အစိုးရအကြား၊ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးမူ ရလာခဲ့ရင်၊ ပိုမို အရေးကြီးတဲ့ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးပွဲတွေ လုပ်ကြရတော့မှာ ဖြစ်တဲ့ အတွက်၊ အားလုံး ပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်လာဖို့နဲ့ မူဝါဒတွေ ချမှတ်နိုင်ကြဖို့၊ ပြည်တွင်းနိုင်ငံရေး အင်အားစုတွေနဲ့ ကြိုတင်ပြင်ဆင် တိုင်ပင်ကြတဲ့ သဘော၊ အခုလို တွေ့ဆုံရတာ ဖြစ်တယ်လို့ လည်း၊ ဉီးခွန်ဥက္ကာ က ပြောပါတယ်။

အခြေခံ ဥပဒေ ပြင်ဆင်ရေး၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ကိစ္စတွေမှာလည်း၊ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေ အနေနဲ့ သဘောထား မကွဲလွဲ သလို၊ ပြီးခဲ့တဲ့ မေလ ၂၃ ရက်နေ့က၊ UNFC အဖွဲ့က သူ အပါအဝင် နိုင်ဟံသာ၊ ဦးထွန်းဇော်တို့ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရဲ့နေအိမ်မှာ တွေ့ဆုံခဲ့စဉ်ကလည်း၊ သူတို့ရဲ့ သဘောထားကို ပြောကြားခဲ့တယ် လို့ ဉီးခွန်ဥက္ကာက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ