မန္တလေးမှာ တည်ငြိမ်ပေမဲ့ လူတွေ စိုးရိမ်နေ

Police in Mandalay riots
Image caption မန္တလေးမှာ ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုအတွင်း လူ ၅ ယောက် ဒဏ်ရာရခဲ့

ဇူလိုင်လ ၁ ရက်နေ့ညက ပြဿနာတက်ခဲ့ ချမ်းအေးသာဇံမြို့နယ် ၂၆လမ်း ၂၇ လမ်း၊ လမ်း ၈ဝ ကနေ ၈၄ လမ်း ဈေးချိုနား တဝိုက်အထိ အစ္စလာမ် ဘာသာဝင်တွေရဲ့ ဆိုင်တွေ အိမ်တွေ တဝက်လောက် နီးပါးကို ပိတ်ထား ပါတယ်။

ပြီးခဲ့တဲ့ ညက ပဋိပက္ခဖြစ်ခဲ့တဲ့ လမ်းဆုံနေရာတိုင်းမှာ လုံခြုံရေး ရဲတွေ ထူထူ ထပ်ထပ် ချထားတဲ့ အပြင် ကင်းလှည့် တာတွေလည်း လုပ်နေပါတယ်။

ဇွန်လ ၂၈ ရက်က ၈၂လမ်းနဲ့ ၂၇ လမ်းဒေါင့်က ဆန်း လ္ဘက်ရည်ဆိုင် ပိုင်ရှင် အစ္စလာမ် ဘာသာဝင် ဦးနေဝင်းနဲ့ ဦးဆန်းမောင်တို့က အိမ်မှာခိုင်းတဲ့ အိမ်ဖေါ်မလေးကို နယ်ကိုခေါ်သွားပြီး သားမယား ပြုကျင့် ခဲ့တယ်ဆိုတဲ့ သတင်းက စခဲ့တာပါ။

အဲဒီ မိန်းကလေးက သူတို့ကို ပျဉ်းမနား ရဲစခန်းမှာ အမှုဖွင့် ထားပေမဲ့ တိမ်းရှောင်နေတယ်လို့ ဆိုပါတယ်။

ဒါကို ဦးဝီရသူနဲ့ အမျိုးသားရေးစိတ် ပြင်းထန်သူ တွေက ရင်ဆိုင်ဖြေရှင်းရေး တိုက်တွန်းဖို့ ဆိုင်ကိုလာမယ်ဆိုတဲ့ အတွက် သက်ဆိုင်ရာက ဆိုင်ကို ပိတ်ခိုင်း ထားခဲ့တယ်လို့ ဇူလိုင် ၂ ရက်နေ့က မန္တလေးတိုင်း ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဥပုသ်ထွက်လာ ကြတဲ့ မွတ်ဆလင်တွေက အဲဒီဆိုင်ကိုရောက်လာကြပြီး ဆိုင်ဖွင့် ခိုင်းခဲ့ ပါတယ်။

အင်္ဂါနေ့ ညက ၁၀ နာရီလောက် ရောက်တော့ လမ်းသွား လမ်းလာ ဗုဒ္ဓဘာသာဝင် တွေကို မွတ်ဆလင် တွေက လမ်းမှာ ဓါးနဲ့လိုက်ခုတ်တယ် ဆိုတဲ့ သတင်း ထွက်လာပြီး ခဲတွေ လေးခွတွေနဲ့ အပြန်အလှန် ပစ်ပေါက် ခဲ့ရာက ပဋိပက္ခဖြစ် ခဲ့ပြီးတဲ့နောက် မနက် ၃ နာရီလောက် မှာတော့ အခြေအနေ ထိမ်းနိုင်သွား ပါတယ်။

ဒီပဋိပက္ခတွေ တခြားနေရာတွေကိုပါ ဆက်ပြန့် သွားမှာ ကိုတော့ နှစ်ဘက် စလုံးက ဒေသခံတွေ စိုးရိမ် နေကြပါတယ်။

လူငယ် အစ္စလာမ် ဘာသာဝင် ကိုနေလက ရာမာဒန် ဥပုသ်ရက်အတွင်းမှာ သီလ ဆောက်တည်ပြီး စီးပွားရေးကို အေးအေး ဆေးဆေးလုပ်ချင်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဒေသခံ ဗုဒ္ဓဘာသာဝင် ကိုတေဇက လည်း ဒီဖြစ်ရပ်မှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ ကိုင်တွယ်ပုံ တွေကို အားမလို့ အားမရဖြစ်တယ်လို့ ပြောပါတယ်။

မန္တလေးမှာ အာဏာပိုင်တွေရဲ့ ကိုင်တွယ်ပုံဟာ အရင်က ဖြစ်ခဲ့တဲ့ ဘာသာရေး ဆန်တဲ့ ပဋိပက္ခတွေကို ကိုင်တွယ်ဖြေရှင်းခဲ့တာထက် ပိုမြန်ဆန်တယ် ဆိုပေမဲ့ အားနည်းချက်တွေ ရှိနေတာနဲ့ ပတ်သက်လို့ အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ဘာသာရေးနဲ့ဆိုင်တဲ့ တိုက်ခိုက်မှုတွေ အတွက် ပထမဆုံး အကြိမ် အန်အယ်လ်ဒီက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြည်သူတွေရဲ့ အသက် အိုးအိမ်ကို အဓိက ဦးစားပေး ကာကွယ် ရမယ်လို့ ထောက်ပြထား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ