နိုင်ငံသား ပြန်ဖြစ်ဖို့ သက်သေပြဖို့လို

moe thee ဓာတ်ပုံ မူပိုင် wiki
Image caption ကျောင်းသား ခေါင်းဆောင် မိုးသီးဇွန်

ပြည်ပကို အကြောင်း အမျိုးမျိုးကြောင့် ရောက်ရှိနေပြီး မြန်မာ နိုင်ငံသား ပြန် ခံဖို့ လျှောက်ထားသူတွေ ထဲက ၄၁ ဦးကို ဒုတိယ အသုတ် အဖြစ် ရန်ကုန်တိုင်း လဝက ရုံးချုပ်မှာ စနေနေ့က ခေါ်တွေ့ခဲ့ပါတယ်။

နိုင်ငံသား ခံယူခွင့် ပြုခံရသူတွေ အနေနဲ့ သက်ဆိုင်ရာ နိုင်ငံ တခုခုမှာ နိုင်ငံသား ခံယူထားမှုကို စွန့်လွှတ်ကြောင်း အထောက်အထား တင်ပြရမှာ ဖြစ်သလို နိုင်ငံတော် သစ္စာကို ခံယူကြောင်းနဲ့ နိုင်ငံတော်ရဲ့ ဥပဒေတွေကို ရိုသေ လိုက်နာမည် ဖြစ်ကြောင်း တရားရုံး တခုခုမှာ ကျမ်းကျိန်လွှာ ကိုပါ ပူးတွဲ တင်ပြမှသာ နိုင်ငံသား အဖြစ် အသိအမှတ် ပြုသွားမယ်လို့ ပြောပါတယ်။

ခုလို လုပ်တာက ဥပဒေနဲ့ အညီ ဆောင်ရွက်တာ ဖြစ်တယ် လို့ လဝက ညွှန်မှူး ဦးမောင်မောင်သန်း က ပြောပါတယ်။

အခုလို တရား ဥပဒေနဲ့ အညီ ဆောင်ရွက်တယ်လို့ ဆိုပေမယ့် အချို့ လျှောက်ထား သူတွေ ကျတော့ သက်ဆိုင်ရာ နိုင်ငံခြား သံရုံးတွေမှာ နိုင်ငံသား အဖြစ် ပြန်ရုပ်သိမ်းဖို့ သွားလျှောက်တဲ့အခါ သံရုံးတွေက လက်မခံတဲ့ အတွက် အခက်အခဲတွေ လည်း ရှိနေကြတယ်လို့ ဆိုပါတယ်။

ဒီလို ပြဿနာတွေ အပေါ် မှာ တရားဝင် တင်ပြလာရင် နိုင်ငံခြားရေး ဌာနနဲ့ ဆက်သွယ် ဆောင်ရွက် ပေးမယ်လို့ ညွှန်မှူးက ဆိုပါတယ်။ မြန်မာ နိုင်ငံသား အဖြစ် ပြန်လည် လျှောက်ထားသူဟာ ဒီကနေ့ထိ ၁၄ဝ ရှိပြီး အဲဒီ အထဲက ၆၅ ဦးကို နိုင်ငံသား ပြန်ခံယူခွင့် ပြုခဲ့တယ်လို့ ဆိုပါတယ်။

လျှောက်ထားသူ အများစု ကတော့ အမေရိကန်၊ ဂျပန်၊ ဩစကြေးလျ၊ နယ်သာလန်၊ အိန္ဒိယ ကနေ ပြန်ဝင် လာကြတဲ့သူတွေ ဖြစ်ကြပါတယ် ။

လူဝင်မှု ကြီးကြပ်ရေး ညွှန်ကြားရေးမှူးချုပ် ကို ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဟောင်း ကိုမိုးသီးဇွန် ရဲ့ နိုင်ငံသား လျှောက်ထားမှု ကို ဘာဖြစ်လို့ ခွင့်မပြုတာပါလဲ လို့ ဘီဘီစီ က မေးတော့ ကိုမိုးသီးဇွန် မြန်မာ နိုင်ငံသားအဖြစ် ပြန်လည် လျှောက်ထားခြင်း မရှိခဲ့ပါလို့ ဖြေကြားခဲ့ပါတယ်။

ကိုမိုးသီးဇွန်ကတော့ သူ့လျှောက်လွှာကို လက်ခံ ဆောင်ရွက် ပေးနေတာ မပြီးပြတ်သေးတာ သာ ဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ