နောက်ထပ် မွန်းတည့်နေ ဂျာနယ်သတင်းသမား နှစ်ဦးကို ခေါ်ယူ စစ်ဆေး

Image caption မွန်းတည့်နေ ဂျာနယ်ပါ သတင်းဖေါ်ပြချက်ကို လူအများ စိတ်ဝင်စားနေကြ

ပြီးခဲ့တဲ့ ဇူလိုင်လ ၆ရက်နေ့ထုတ် BI မွန်းတည့်နေ ဂျာနယ်မှာ ဒေါ်အောင်ဆန်း စုကြည်နဲ့ တိုင်းရင်းသား ဒီမိုကရေစီ အင်အားစုတွေကို ကြားဖြတ် အစိုးရအဖြစ် ပြည်သူတွေက တင်မြှောက်တယ် ဆိုတဲ့ သတင်းကို ရေးသား ဖေါ်ပြခဲ့သူ နောက်ထပ် သတင်းသမား နှစ်ဦးကို အာဏာပိုင်တွေက ခေါ်ယူ စစ်ဆေးနေပါတယ်။

မွန်းတည့်နေ ဂျာနယ် သတင်းထောက် ကိုမျိုးဝဿန်၊ ဂျာနယ် လုပ်ငန်းနဲ့ ဆက်စပ်တယ်လို့ ယူဆရတဲ့ ဦးစံတင် ဆိုသူတို့ကို ရဲတပ်ဖွဲ့က ခေါ်ဆောင်သွားတာပါ။

ပြီးခဲ့တဲ့ ဇူလိုင်လ ၈ရက်နေ့ တုန်းကလည်း မွန်းတည့်နေ ဂျာနယ် အယ်ဒီတာချုပ်နဲ့ အယ်ဒီတာ နှစ်ဦးကို ခေါ်ယူ စစ်ဆေးခဲ့ပြီး ၁၉၅၀ ပြည့် အရေးပေါ် အက်ဥပဒေတွေနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အမှုဖွင့်ထားတယ်လို့ သိရပေမယ့် ဘယ်နေရာမှာ ဖမ်းထားတယ်၊ ဘယ်နေ့ ရုံးထုတ်မယ် ဆိုတာနဲ့ ပတ်သက်လို့ မိသားစုဝင်တွေနဲ့ ဂျာနယ်တိုက်က ဝန်ထမ်းတွေကို အကြောင်းကြားတာမျိုး မရှိသေးဘူးလို့ သိရပါတယ်။

တနင်္လာနေ့တုန်းက မြို့တော်ခန်းမ အနီးမှာ (ကုန်စျေးနှုန်း ကျဆင်းရေးနဲ့ ဒီမိုကရေစီရေး အဆက်မပြတ် လှုပ်ရှားသူများ အဖွဲ့) MDCFရဲ့ ဆန္ဒ ထုတ်ဖော်ပွဲမှာ အဲဒီစာကို ဖြန့်ဝေခဲ့တာ ဖြစ်ပြီး မွန်းတည့်နေ ဂျာနယ်က စာပါ အချက်တွေကို ကိုးကား ဖေါ်ပြခဲ့တာ ဖြစ်ပါတယ်။

အစိုးရဘက်ကတော့ ဒီသတင်းဟာ နိုင်ငံတော် အစိုးရကို အကြည်ညို ပျက်စေတယ်၊ နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးကို ထိခိုက်စေတယ်၊ အများပြည်သူ အကျိုးကို ပျက်စီးစေတယ်လို့ ဆိုပြီး အဲဒီလို ကြားဖြတ် အစိုးရအဖြစ် တင်မြှောက်ခြင်းဟာ အမှန်တကယ် ဖြစ်ကြောင်း စစ်ဆေး ပေါ်ပေါက်တယ် ဆိုရင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ဆန့်ကျင်နေတဲ့အတွက် တည်ဆဲ ဥပဒေတွေနဲ့ အရေးယူခံရနိုင်တယ်လို့ အင်္ဂါနေ့ထုတ် အစိုးရ သတင်းစာထဲမှာ ဖေါ်ပြထားပါတယ်။