စနစ်ဟောင်းက မထွက်နိုင်လို့ အမေရိကန်ဝေဖန်

_newspaper_reading ဓာတ်ပုံ မူပိုင် Nga
Image caption မြန်မာနိုင်ငံက ဂျာနယ်ဖတ်ရှုနေသူ

ယူနတီဂျာနယ် ရဲ့ သတင်းထောက် ၅ ဦး ကို နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှု နဲ့ မြန်မာ အစိုးရက၊ ထောင်ဒဏ် ၁၀ နှစ် ချမှတ် ခဲ့တာဟာ၊ မြန်မာ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ အပေါ် သံသယဝင် မေးခွန်း ထုတ်စရာတွေ ပေါ်ပေါက် လာစေပြီး၊ လက်ရှိ အခြေအနေဟာ လည်း ခေတ်ဟောင်း စံနစ်ဟောင်း ထဲက ရုန်းမထွက် နိုင်သေးဘူး ဆိုပြီး၊ မြန်မာ့ နိုင်ငံရေး လေ့လာသူ နြူးယော့ခ်မြို့ အခြေစိုက် နြူးအမေရိကန် ဖောင်ဒေးရှင်း ရဲ့ ဒါရိုက်တာ စူဇန် ဒီမက်ဂျီယို က ဝေဖန် လိုက်ပါတယ်။

မြန်မာနိုင်ငံ ရဲ့ လက်ရှိ အခြေအနေတွေ ကို ကြည့်ရင်၊ ဒီလို သတင်းထောက်တွေကို နှစ်ရှည် ထောင်ဒဏ် ချနေတာတွေ အပါအဝင်၊ လူမျိုးရေး ဘာသာရေး နှိပ်ကွပ်မှုတွေ ဟာ အလွန် ရင်လေးစရာ ကောင်းပြီး၊ အမေရိကန် အစိုးရ အနေနဲ့ ၂ နိုင်ငံ ဆက်ဆံရေးကို ငဲ့ကွက်ပြီး ဖြောင်းဖြပြောဆိုရုံပဲ ပြုလုပ်နေရင်၊ မြန်မာနိင်ငံရေး ဟာ တိုးတက်လာမယ့် အစား၊ နောက်ကြောင်းပြန် လှည့်သွားနိုင်တယ် ဆိုပြီးတော့လည်း၊ မစ္စ ဒီမက်ဂျီယို က သုံးသပ်ပါ တယ်။

၂၀၁၅ ရွေးကောက်ပွဲ ကာလ နီးကပ် လာတာနဲ့ အမျှ၊ ဒီ ရွေးကောက်ပွဲ ကနေ မြန်မာ့ အနာဂတ် ဒီမိုကရေစီ လမ်းကြောင်း ချောမွေ့မှု ဘယ်လောက်ရှိမလဲ ဆိုတာ အဖြေပေးတော့မှာ ဖြစ်တဲ့အတွက်၊ လမ်းကြောင်းမှန် တည့်မတ်ဖို့ မြန်မာ အစိုးရနဲ့ ပြည်သူတွေ မှာ တာဝန်ရှိသလို၊ အမေရိကန် အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းမှာ လည်း၊ တာဝန် ရှိတယ်လို့ မစ္စ ဒီမက်ဂျီယို က ဆိုပါတယ်။

ယူနတီဂျာနယ် သတင်းထောက်တွေ ရဲ့ အရေးနဲ့ ပတ်သက်ပြီး၊ ဒီရက်ပိုင်း အတွင်းကပဲ၊ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး တွမ် မာလီနော့စကီးက၊ မြန်မာနိုင်ငံဟာ ပြုပြင် ပြောင်းလဲရေးဆီ သွားနေတယ် ဆိုပေမယ့်၊ တဖက်မှာ လွတ်လပ်စွာ ထုတ်ဖော် ရေးသားခွင့် ကို ပြင်းပြင်းထန်ထန် ဖိနှိပ်နေတဲ့ အတွက်၊ အမေရိကန် အစိုးရ အနေနဲ့ စိတ် အနှောင့်အယှက် ဖြစ်ရတယ် ဆိုပြီး ထုတ်ဖော် ပြောကြားခဲ့ အပြီး၊ မစ္စ ဒီမက်ဂျီယို က အခုလို၊ သုံးသပ်လိုက် တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ