AIDS ရောဂါ နိုင်ငံတကာ ညီလာခံ စတင်

6_mh17_aids ဓာတ်ပုံ မူပိုင် AFP
Image caption ၂၀၁၄ မဲလ်ဘန်း ညီလာခံ

၂ နှစ် တစ်ကြိမ် ပြုလုပ်တဲ့ AIDS ရောဂါ ဆိုင်ရာ နိုင်ငံတကာ ညီလာခံကို၊ ဩစတြေးလျ နိုင်ငံ မဲလ်ဘန်းမြို့ မှာ၊ ဒီကနေ့ ဂျူလိုင် ၂၀ ရက်နေ့က စတင်ပြီး၊ ၆ ရက်ကြာ ကျင်းပမှာ ဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့ မှာတော့ မြန်မာနိုင်ငံ နဲ့ ပတ်သက်ပြီး ဆွေးနွေးကြမယ့် အစီအစဉ် ရှိပါတယ်။

၂၀၁၂ ခုနှစ် ရဲ့ စစ်တမ်း အရတော့ မြန်မာနိုင်ငံ မှာ AIDS ရောဂါ ဖြစ်စေ တဲ့ HIV ပိုး ပေါဇတစ်ဗ် တွေ့ရသူဟာ လူဦးရေရဲ့ ၀.၆ % ၊ လူ တစ်ထောင်မှာ ၆ ယောက် ရှိတယ်လို့၊ ဒီညီလာခံ ကို တက်ရောက်နေ တဲ့ ဒေါက်တာ စိုင်းထက်က ပြောပြပါတယ်။

ဒီညီလာခံကို တက်ရောက်ဖို့ မြန်မာနိုင်ငံကနေ ရောက်ရှိနေတဲ့ အစိုးရ အရာရှိတွေ အပါအဝင်၊ ကိုယ်စားလှယ် ၅၀ ဝန်းကျင် ရှိတယ် လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ AIDS ရောဂါကို ထိထိရောက်ရောက် ကာကွယ် ဟန့်တား၊ ကုသပေးမှုတွေ ပြုလုပ်နိုင်ဖို့ရာ နိုင်ငံတော်ရဲ့ ဘတ်ဂျက် အသုံးစားရိတ် များများစားစား မရှိပဲ၊ နိုင်ငံတကာ ရဲ့ အကူအညီတွေ အပေါ်မှာပဲ အဓိက မှီခို နေရတယ် လို့၊ ဒေါက်တာစိုင်းထက် က ဆိုပါတယ်။

ဆေးဝါး မလုံလောက်တဲ့ ပြဿနာ အပါအဝင်၊ အများ ပြည်သူရဲ့ ပူးပေါင်း ဆောင်ရွက်မှု ပိုမို ရရှိဖို့ လိုအပ်သလို၊ ပြည့်တန်ဆာ နဲ့ လိင်တူ ဆက်ဆံသူတွေ ကို ပစ်မှတ်ထားပြီး ခေတ်နဲ့ မလျော်ညီတော့ တဲ့ ဥပဒေတွေ အသုံးပြု နှိပ်ကွပ် နေတာတွေကလည်း၊ AIDS ရောဂါကို ကိုင်တွယ်ရာမှာ၊ ရင်ဆိုင်နေရတဲ့ ကြီးမားတဲ့ အခက်အခဲတွေ အဖြစ်လည်း ဒေါက်တာစိုင်းထက် က ပြောပါတယ်။

ဒါပေမယ့် လွှတ်တော် အမတ်တွေထဲ မှာ HIV/AIDS အရေးကို ဖြေရှင်းဖို့ စိတ်ဝင်စားကြသူ တွေ ရှိနေပြီး၊ ဒီ ပြဿနာ ကို ကိုင်တွယ်ဖို့ ဥပဒေ သီးသန့် ရေးဆွဲ ပြဌာန်းနိုင် ဖို့ ကြိုးစားနေမှုတွေ ရှိနေတယ် ဆိုပြီး၊ ဒေါက်တာစိုင်းထက် က ဘီဘီစီကို ပြောပြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ