မွတ်ဆလင်ပြဿနာ အတူဖြေရှင်းမယ်လို့ မြန်မာကို အီရန်ပြော

ဓာတ်ပုံ မူပိုင် AP
Image caption အီရန်နဲ့ မြန်မာအကြား မတူကွဲပြားတဲ့ နယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ မစ္စတာ ဇာရစ်ဖ် ပြော

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ မွတ်ဆလင် အသိုင်းအဝိုင်းနဲ့ ပတ်သက်တဲ့ ပြဿနာတွေကို ပြေလည်အောင် ကူညီ ဖြေရှင်းပေးဖို့ အီရန် အစိုးရအနေနဲ့ အသင့် ရှိတယ်လို့ အီရန် နိုင်ငံခြားရေး ဝန်ကြီး မိုဟာမက်ဒ် ဂျာဗက်ဒ် ဇာရစ်ဖ် က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ နေထိုင်နေတဲ့ မွတ်ဆလင်တွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့ အီရန် အစိုးရအနေနဲ့ စိုးရိမ်မကင်း ဖြစ်မိကြောင်းနဲ့ ပြဿနာတွေ ပြေလည်သွားစေဖို့ အတွက် မြန်မာ အစိုးရနဲ့ အတူ ပူးပေါင်း ဆောင်ရွက်သွားဖို့ အသင့်ရှိကြောင်း အသစ် ခန့်အပ်လိုက်တဲ့ အီရန်နိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီးနဲ့ တနင်္လာနေ့က တွေ့ဆုံစဉ်မှာ အီရန် နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားသွားခဲ့ပါတယ်။

ဒါ့အပြင် အီရန်နဲ့ မြန်မာနိုင်ငံအကြား မတူ ကွဲပြားတဲ့ စီးပွားရေး၊ ယဉ်ကျေးမှုနဲ့ လူမှုရေး နယ်ပယ်တွေမှာ ပူးပေါင်း ဆောင်ရွက်မှုတွေ တိုးမြှင့် လုပ်ဆောင်ဖို့ လိုအပ်ကြောင်းကိုလည်း သူက မီးမောင်းထိုး ပြောဆိုသွားခဲ့ပါတယ်။

မြန်မာ သံအမတ်ကြီးကလည်း အီရန် ကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံဖို့ ကြိုဆိုကြောင်းနဲ့ အီရန်နဲ့ မြန်မာ နှစ်နိုင်ငံအကြား စီးပွားရေး၊ ကုန်သွယ်ရေးတွေ တိုးမြှင့် လုပ်ဆောင်ဖို့ တုန့်ပြန် ပြောကြားသွားခဲ့ပါတယ်။