သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ပြီးနှစ် ၅၀ပြည့်

_bbc_304x171_ ဓာတ်ပုံ မူပိုင် knaing
Image caption ဆရာကြီး သခင်ကိုယ်တော်မှိုင်း

မြန်မာ့ လွတ်လပ်ရေး လှုပ်ရှားမှု သမိုင်းမှာ အထင်ကရ ဖြစ်တဲ့ တို့ဗမာ အစည်းအရုံး နာယကကြီး ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း နှစ် ၅ဝ ပြည့် အခမ်းအနားကို ရန်ကုန်မြို့ ရွှေတိဂုံ ဘုရား ခြေရင်းက ဂူဗိမာန်မှာ ဒီကနေ့ မနက် ၈ နာရီမှာ ကျင်းပ ပါတယ်။

ဒါဟာ ၁၉၇၆ ခုနှစ် က မှိုင်းရာပြည့် အဓိကရုဏ်း နောက်ပိုင်း ပထမဆုံး ပြန်ကျင်းပ ခွင့် ရတာပါ။ ဒီအခမ်းအနား ခွင့်ပြုချက်ကို ဆိုင်ရာက ကန့်သတ်ချက်တွေနဲ့ ပေးခဲ့တဲ့ အကြောင်း၊ ဆရာကြီး ရဲ့ မိသားစု ထဲက စာရေးဆရာ သန်းစိုးနိုင် က ဘီဘီစီ ကို ပြောပါတယ်။

ဘာသာရေး၊ လူမှုရေး၊ နဲ့ တခြား ပျော်ပွဲ ရွင်ပွဲ စတဲ့ ခေါင်းစည်းတွေ အောက်မှာ၊ အချက် ၁ဝ ချက် ကန့်သတ်ထားရာမှာ လုံခြုံရေး နဲ့ ပတ်သက်တာ ကို မိသားစု သို့မဟုတ် ပြုလုပ်တဲ့ အဖွဲ့က တာဝန်ယူ ရတဲ့ အကြောင်း၊ အဖွဲ့အစည်းတွေ ရဲ့ ကြေညာစာတန်းတွေ၊ သဝဏ်လွာ တွေ မဖတ်ရ ဆိုတဲ့ ကန့်သတ်ချက် နဲ့ အသံချဲ့စက် ကို ကျယ်လောင် စွာ အသုံးမပြုရ ဆိုတဲ့ အချက်တွေ ပါဝင်ကြောင်း လည်း ရှင်းပြပါတယ်။

ဒီကနေ့ အခမ်းအနား အစီအစဉ် ရယ် လို့ သတ်မှတ်ထားခြင်း မရှိဘဲ၊ ဆရာကြီး ကို လေးစားတဲ့ တပည့်တပန်းတွေ ထဲက ပြောလိုတာ ကို အလွတ်သဘော ပြောနိုင်ကြောင်း လည်း ဆိုပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေး နဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ကို ဖိတ်ကြားရာမှာ တော့၊ NLD မှ ဦးတင်ဦး တက်ရောက်ပါတယ်။ ဒီမိုကရေစီ ခေတ်ဆီ သွားတယ် ဆိုပေမယ့်၊ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ ကို လွှတ်တော် က ခွင့်ပြုတဲ့ အတည်ပြုချက် ကျပေမယ့် နည်းဥပဒေ က မထွက်သေးလို့ ဒါနဲ့ ချုပ်ကိုင် တဲ့ အကြောင်း လည်း ဆရာကြီး ရဲ့ မိသားစု ထဲက စာရေးဆရာ သန်းစိုးနိုင် က ဘီဘီစီ ကို ရှင်းပြ ပါတယ်။