သီလဝါ ဒေသခံတွေရဲ့ အခက်အခဲ အစီရင်ခံစာ ထုတ်မယ်

ဓာတ်ပုံ မူပိုင် AP
Image caption သီလဝါ စီးပွားရေးဇုန်ကြောင့် အိုးအိမ် ရွှေ့ပြောင်း ပေးခဲ့ရ သူတွေရဲ့ ဘဝ ပြန်ထူထောင်ဖို့ အခက်အခဲတွေ ရှိနေ

သီလဝါ စီးပွားရေး ဇုန်ကြောင့် အိုးအိမ် ရွှေ့ပြောင်းခံခဲ့ရတဲ့ အိမ်ထောင်စုတွေ အတွက် အစိုးရနဲ့ JICA ဂျပန် နိုင်ငံတကာ ကော်ပိုရေးရှင်း အေဂျင်စီတို့ရဲ့ ထောက်ပံ့ ဆောင်ရွက်မှုတွေက ပြည့်စုံ လုံလောက်မှု မရှိတဲ့အတွက် ရွာသားတွေက ဂျပန်နိုင်ငံအထိ ကိုယ်စားလှယ် လွှတ်ပြီး တိုင်ကြား ခဲ့ကြရာမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက JICA အဖွဲ့ရဲ့ စုံစမ်း စစ်ဆေးရေးအဖွဲ့ လာရောက် စုံစမ်း မေးမြန်း ခဲ့ပါတယ်။

အရင်က သီလဝါ ဒေသခံ တွေက JICA နဲ့ရော၊ တိုင်းဒေသကြီး အစိုးရတွေနဲ့ပါ တွေ့ဆုံဖို့ အကြိမ်ကြိမ် ခွင့်တောင်း ခဲ့ပေမယ့် တွေ့ခွင့် မရခဲ့ပါဘူး။

ဇွန်လဆန်းက ဂျပန်နိုင်ငံကို သီလဝါ ဒေသခံတွေ သွားအရေးဆို ခဲ့ပြီးနောက်မှ အခုအခါ ဂျပန်က စုံစမ်း စစ်ဆေးရေး အဖွဲ့ စေလွှတ်ခဲ့ သလို သုံးပွင့်ဆိုင် တွေ့ဆုံမှု တွေလည်း လုပ်ခဲ့ပါတယ်။

သီလဝါ စီးပွားရေး ဇုန်ကြောင့် အိုးအိမ် ရွှေ့ပြောင်း ခံခဲ့ရတဲ့ အိမ်ထောင်စုတွေရဲ့ ဘဝ ပြန်လည် ထူထောင်ရေးအတွက် လိုအပ်တဲ့ အထောက်အပံ့ အကူအညီတွေ လုံလောက်အောင် မပေးတဲ့အတွက် အခက်အခဲတွေနဲ့ ရင်ဆိုင် ကြုံတွေ့နေရပြီး ဒီကိစ္စမှာ အစိုးရမှာရော၊ JICA မှာပါ တာဝန်ရှိတယ်လို့ သီလဝါ လူမှု ဖွံ့ဖြိုးရေး အဖွဲ့က ဦးမြလှိုင်က ဘီဘီစီကို ပြောပါတယ်။

မြေသိမ်းခဲ့တုန်းက သီးနှံ လျော်ကြေး အပြင် ဘာမှ ထပ်မပေးပဲ တခြား စီမံကိန်းမြေ တခုပေါ်မှာ အိမ်ဆောက်ပြီး နေရာချထားပေး ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

ရွှေ့ပြောင်း ခံရသူတွေ အတွက် စားဝတ်နေရေး ပြန်လည် ထူထောင်ပေးဖို့၊ မိုးရာသီ ရေကြီးမှုတွေနဲ့ ရေတွင်း ရေကန် အခက်အခဲတွေ ဖြေရှင်းပေးဖို့ကိုလည်း သီလဝါ ဒေသခံ တွေက တောင်းဆို ထားပါတယ်။

JICA စုံစမ်း စစ်ဆေးရေး တာဝန်ရှိ ပုဂ္ဂိုလ်က သူ့ရဲ့ တွေ့ရှိချက်တွေကို စက်တင်ဘာလ အစောပိုင်းမှာ အစီရင်ခံ ထုတ်ပြန်မယ်လို့ သိရပါတယ်။