အိမ်အကူတွေ အဆင်ပြေစေဖို့ မြန်မာ စင်္ကာပူ သဘောတူ စာချုပ် ချုပ်ဖို့ရှိ

ဓာတ်ပုံ မူပိုင် AFP
Image caption ပြည်ပမှာ သွားအလုပ် လုပ်လိုတဲ့ အိမ်အကူတွေအနေနဲ့ သင်တန်း အနည်းဆုံး ၂လတက်ဖို့ လို

မြန်မာနိုင်ငံကနေ စင်္ကာပူ နိုင်ငံကို သွားရောက် အလုပ် လုပ်ကိုင်မယ့် အိမ်အကူ အလုပ်သမား တွေအတွက် အထောက်အကူ ပေးမယ့် MOU နားလည်မှု စာချွန်လွှာ တခုကို Myanmar Overseas Employment Agencies Federation အဖွဲ့နဲ့ စင်္ကာပူ Employment Agencies အဖွဲ့တို့ ချုပ်ဆိုဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

မြန်မာ အိမ်အကူ အလုပ်သမားတွေ စင်္ကာပူနိုင်ငံကို တရားဝင် လမ်းကြောင်းကနေ သွားနိုင်ဖို့နဲ့ သူတို့ကို အကာအကွယ်ပေးဖို့အတွက် မြန်မာနဲ့ စင်္ကာပူ ဖယ်ဒရေးရှင်း နှစ်ခုအကြား အခုလို MOU ထိုးဖို့ ကြိုးစားနေတာလို့ Myanmar Overseas Employment Agencies Federation အဖွဲ့ ဒုတိယ ဥက္ကဌ ဦးစိုးမြင့်အောင်က ဘီဘီစီကို ပြောပါတယ်။

တရားမဝင် လမ်းကြောင်းနဲ့ စင်္ကာပူမှာ သွားရောက် အလုပ်လုပ်နေတဲ့ မြန်မာ အိမ်အကူတွေ ၃သောင်းလောက် ရှိတယ်လို့ ခန့်မှန်းရပြီး အဲဒီ အိမ်အကူတွေဟာ ရသင့် ရထိုက်တဲ့ အခွင့်အရေးတွေမရ၊ ပြဿနာ ဖြစ်လာရင်လည်း မပြောရဲ မတိုင်ရဲကြကြောင်း၊ အိမ်အကူတို့ ရှိသင့် ရှိအပ်တဲ့ အရည်အသွေး စံနှုန်းတွေ မရှိတဲ့အတွက်လည်း အခက်အခဲတွေ တွေ့ရကြရတယ်လို့ ဆိုပါတယ်။

တရားမဝင် လမ်းကြောင်းကနေ သွားတဲ့ မြန်မာ အိမ်အကူတွေအနေနဲ့ အေဂျင်စီခ လစာ ၇လကနေ ၈လအထိ နှုတ်ယူခံနေရကြောင်း၊ မြန်မာ အလုပ်သမား ဝန်ကြီး ဌာနက ထုတ်ပြန်ထားချက်အရ ဆိုရင် ပြည်ပမှာ သွားရောက် အလုပ်လုပ်ကိုင်လိုတဲ့ အိမ်အကူတွေထံကနေ အေဂျင်စီခ ၄လစာထက် ပိုယူခွင့် မရှိပဲ လိုအပ်တဲ့ ဘာသာ စကား၊ သင့်တင့် လျောက်ပတ်တဲ့ လုပ်ငန်းတွေ လုပ်နိုင်ဖို့ အနည်းဆုံး ၂လ သင်တန်း ပေးဖို့ သတ်မှတ်ထားကြောင်း ဦးစိုးမြင့်အောင်က ရှင်းပြပါတယ်။

စင်္ကာပူနိုင်ငံဟာ မြန်မာ အိမ်အကူ အလုပ်သမားတွေ အများဆုံး သွားရောက် အလုပ် လုပ်ကိုင်တဲ့ နိုင်ငံတခု ဖြစ်ပါတယ်။