မီဒီယာတွေက မုန်းတီးမှု လှုံ့ဆော်တယ်လို့ သမ္မတပြော

Burmese President U Thein Sein ဓာတ်ပုံ မူပိုင် Reuters
Image caption သမ္မတရဲ့ ထုတ်ပြန်မှုမှာ မီဒီယာတွေ အပေါ် သဘောထား ထင်ဟပ်နေ

ပြည်တွင်း ပြည်ပ မီဒီယာ တချို့ရဲ့ ကျင့်ဝတ်နဲ့ မညီတဲ့ မလုပ်သင့်တဲ့ လုပ်ဆောင်မှုတွေ၊ အမုန်းပွားစေနိုင်တဲ့ လှုံ့ဆော်မှုတွေကြောင့် မြန်မာ နိုင်ငံမှာ လူအုပ်စုချင်း အကြမ်းဖက် သတ်ဖြတ်မှုတွေ၊ မီးရှို့မှုတွေ ရှိခဲ့ပြီး ကမ္ဘာ့ အလယ်မှာ သိက္ခာကျခဲ့ရတယ်လို့ သမ္မတက ထုတ်ပြန်တဲ့ စာမှာ ဖော်ပြထား ပါတယ်။

သတင်းမီဒီယာ သမားတွေ အပေါ် လက်ရှိ အရေးယူ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ သုံးသပ်ဖို့ ဇူလိုင်လ ၂၂ ရက် ရက်စွဲနဲ့ ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းက သမ္မတဆီ ပေးပို့ခဲ့တဲ့ သဝဏ်လွှာကို သမ္မတ ဘက်က ဇူလိုင် ၂၅ ရက် သောကြာနေ့က အကြောင်းပြန်ခဲ့တဲ့ စာမှာ အခုလို ဖော်ပြထားတာ ဖြစ်ပါတယ်။

မြန်မာ အစိုးရရဲ့ လျှို့ဝှက်ချက် အက်ဥပဒေကို ချိုးဖောက်တဲ့ အတွက် သက်ဆိုင်ရာ အဖွဲ့က တရားစွဲဆိုတာကို တရားရေး ဌာနက ဥပဒေနှင့်အညီ လွတ်လွတ်လပ်လပ် တရားစီရင် ခဲ့တာဟာ အစိုးရနှင့် တိုက်ရိုက် ပတ်သက်ခြင်း မရှိဘူးလို့လည်း ပြောပါတယ်။

ဧရာဝတီ သတင်း အယ်ဒီတာချုပ် ဦးအောင်ဇော် ကတော့ အရှေ့တောင် အာရှ ဒေသမှာ သတင်းမီဒီယာ လွတ်လပ်ခွင့် ထိပ်ဆုံးမှာ ရှိနေတယ်လို့ ပြောနေတဲ့ ဦးသိန်းစိန် အစိုးရကပဲ တိုင်းပြည်ရဲ့ စတုတ္ထ မဏ္ဍိုင် ဖြစ်တဲ့ သတင်း မီဒီယာလောက က သတင်းထောက်တွေကို ဖမ်းဆီး တရားစွဲ ထောင်ချတာတွေ လုပ်ပြီး ဖိနှိပ်နေတယ်လို့ ပြောပါတယ်။

မြန်မာ နိုင်ငံမှာ ဖြစ်နေတဲ့ လူမျိုးရေး ဘာသာရေး အဓိကရုဏ်းတွေ စဖြစ်တဲ့ ကိစ္စက ပြည်တွင်း ပြည်ပက သတင်း မီဒီယာတွေကြောင့်လို့ ဆိုရင် သတင်းနဲ့ ပြန်ကြားရေးဌာနနဲ့ အစိုးရက ထိန်းချုပ်တဲ့ နေ့စဉ် သတင်းစာတွေမှာ လူမျိုးရေး ခွဲခြားလှုံ့ဆော်တဲ့ အသုံးအနှုန်းတွေ ရေးသား ဖော်ပြခဲ့ပြီးတဲ့နောက် အဲဒီ ပြဿနာတွေ စတင်ခဲ့တာ ဖြစ်လို့ အစိုးရ အနေနဲ့ ကိုယ့်လူကိုယ် ထိန်းဖို့ လိုတယ်လို့ လည်း ဦးအောင်ဇော်က ပြောပါတယ်။

သမ္မတရဲ့ ပြန်ကြားစာမှာပါတဲ့ သတင်းမီဒီယာတွေအပေါ် သဘောထားတွေကို ကြည့်ရင် သတင်းမီဒီယာ လွတ်လပ်ခွင့်ရဲ့ ရှေ့ အလား အလာ မကောင်းနိုင်ဘူးလို့ ဝါရင့် သတင်း သမားတွေက ပြောနေကြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ