လိုင်ဇာ ဆွေးနွေးပွဲ တတိယမြောက်နေ့ ကျင်းပ

Image caption ပထမအကြိမ် လိုင်ဇာ ဆွေးနွေးပွဲမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အကြား ဘုံသဘောတူချက် ရခဲ့

လိုင်ဇာမြို့မှာ ကျင်းပနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ညီလာခံကို သုံးရက်မြောက်နေ့ အဖြစ် ဒီကနေ့ တနင်္လာနေ့မှာ ဆက်လက် ကျင်းပခဲ့ပါတယ်။

ဒီဆွေးနွေးပွဲကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ အထူးကိုယ်စားလှယ် ဗီ ဂျေ နမ်ဘီးယား တက်ရောက်ပြီး အဖွင့်မိန့်ခွန်း ပြောကြားသွား ခဲ့ပါတယ်။

အခုအဆင့်ဟာ သာမန် အပစ်အခတ် ရပ်စဲရေး၊ ယုံကြည်မှု တည်ဆောက်ရေးအတွက် ဆွေးနွေးဖို့တင် မဟုတ်ပဲ ရေရှည် တည်တံ့တဲ့ ထာဝရ ငြိမ်းချမ်းရေး ရရှိရေး၊ နိုင်ငံရေး ဆွေးနွေးပွဲတွေ ပေါ်ပေါက်လာရေး တွေ အတွက် အရေးကြီးတဲ့ ဆွေးနွေးပွဲ ဖြစ်ကြောင်း မစ္စတာ ဘန်ကီမွန်း ပေးပို့တဲ့ သဝဏ်လွှာ ထဲမှာ ဖေါ်ပြထားပါတယ်။

အရင် တိုင်းရင်းသား ညီလာခံတွေ တုန်းက ဆုံးဖြတ်ခဲ့ကြတဲ့ အတိုင်းပဲ တစ်နိုင်ငံလုံး အပစ်ရပ်ရေး လက်မှတ် ရေးထိုးကြတဲ့အခါ တစ်ဖွဲ့ချင်းစီ မထိုးပဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အားလုံး လက်မှတ်ရေးထိုးကြဖို့ ဆွေးနွေးပွဲမှာ ဆုံးဖြတ်ခဲ့ကြပါတယ်။

အရင် စစ်အစိုးရ လက်ထက်တုန်းက အပစ်အခတ် ရပ်စဲရေးတွေ လုပ်ခဲ့ပေမယ့် နိုင်ငံရေး ဆွေးနွေးမှု အဆင့်ထိ မရောက်ခဲ့တဲ့အတွက် ဒီတကြိမ်မှာ နိုင်ငံရေး ဆွေးနွေးမှုတွေ လုပ်နိုင်ရေး၊ ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ရေးတွေ အတွက် ခိုင်မာတဲ့ အာမခံချက်တွေ ရနိုင်ဖို့ တိုင်းရင်းသား လက်နက်ကိုင်တွေ ဘက်က လိုလားနေကြကြောင်း အဲဒီဆွေးနွေးပွဲမှာ သတင်း သွားယူနေတဲ့ ဒီမိုကရေစီ တူဒေး သတင်းစာ အယ်ဒီတာ ဦးစိုင်းထွန်းအောင်လွင်က ဘီဘီစီကို ပြောပါတယ်။