မိတ္ထီလာက ဗလီတချို့မှာ အစ်ပွဲ မကျင်းပနိုင်

Monks in Burma
Image caption ရခိုင်ပြည်နယ်က ဗလီတစ်ခု

အစ္စလာမ် ဘာသာဝင်တွေရဲ့ ရာမာဒန်ဥပုသ်လ လွန်မြောက်တဲ့ ဝါကျွတ်အစ်ပွဲတော်ကို နိုင်ငံတဝန်း အေးအေးချမ်းချမ်းကျင်းပ ပြီးစီးခဲ့ပေမယ့် မနှစ်က ဘာသာရေး ပဋိပက္ခတွေ ဖြစ်ခဲ့တဲ့ မိတ္ထီလာက ဗလီတချို့ မှာ ကျင်းပခွင့် မရခဲ့ ပါဘူး။

မိတ္ထီလာ မြို့ပေါ်မှာ ရှိတဲ့ ဗလီ ၁၂ လုံးထဲက ဗလီ ၆ လုံးမှာပဲ အစ္စလာမ် ဘာသာဝင်တွေ ကျင်းပ နိုင်ခဲ့ ပါတယ်။

မိတ္ထီလာမှာ တည်ငြိမ်သင့်သလောက် တည်ငြိမ်နေပြီး အသင့် အတင့် သင့်မြတ်မှု ရှိနေတဲ့ အတွက် ပိတ်ထားတဲ့ ဗလီတွေကို ပြန်ဖွင့် ပေးဖို့ အစ်ပွဲတော် မတိုင်ခင် ရက်ပိုင်း ကတည်းက သက်ဆိုင်ရာ အာဏာပိုင်တွေကို စာတင်ခဲ့ပေမဲ့ ခွင့်မပြုခဲ့ဘူးလို့ မိတ္ထီလာက မော်လဝီဆရာ ဦးစန်းဝင်းရှိန်က ပြောပါတယ်။

ဒါပေမဲ့ နိုင်ငံတဝန်းက ဗလီ အသီးသီးမှာ အနှောင့်အယှက်မရှိ လွတ်လွတ်လပ်လပ်ကျင်းပနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့က အစ္စလာမ်ကိုယ်စားလှယ် ဦးအေးလွင် ကတော့ မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ အစ္စလာမ် နဲ့ ဗုဒ္ဓဘာသာဝင်တွေ အကြား ဘာသာရေး အကြမ်းဖက်မှုတွေဟာ လူတစ်စု ကြောင့် ဖြစ်ပြီး ဒီအတွက် သူတို့ရဲ့ ဘာသာရေး ပွဲတော်တွေကို သတိထား ကျင်းပနေတယ်လို့ ပြောပါတယ်။

အမေရိကန် အစိုးရက ၂၀၁၃ခုနှစ် အတွက် ထုတ်ပြန်တဲ့ နိုင်ငံတကာ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ လွတ်လပ်ခွင့် အစီရင်ခံစာ (International Religious Freedom Report) မှာတော့ မိတ္ထီလာနဲ့ ရခိုင်မှာ ဖြစ်ပွား ခဲ့တဲ့ ဘာသာရေး အဓိကရုဏ်းတွေ မှာ အစိုးရ အနေနဲ့ အရေးယူ ဆောင်ရွက်မှုတွေ နှောင့်နှေးခဲ့ပြီး ဒေသဆိုင်ရာ အစိုးရ တာဝန်ရှိသူတွေ ကိုယ်တိုင် မွတ်ဆလင်တွေကို ခွဲခြား ဆက်ဆံတဲ့ ဖြစ်စဉ်တွေမှာ ပါဝင်ခဲ့တယ်လို့ ဖော်ပြထား ပါတယ်။

ပြည်တွင်းမှာ ဖြစ်နေတဲ့ ဘာသာရေး အဓိကရုဏ်းတွေကို အစိုးရက ဖော်ထုတ်အရေးယူမယ်လို့ ဆိုနေပေမယ့် တဖက်နဲ့ တဖက်ကြားမှာ တင်းမာမှုတွေ၊ သံသယဖြစ်မှုတွေကတော့ ရှိနေဆဲ ဖြစ်ပါတယ်။