သဲကုန်းမြို့နယ်မှာ ရေကြီးပြီး လူသေ

ဓာတ်ပုံ မူပိုင် others
Image caption မြန်မာနိုင်ငံတဝှမ်း ရေကြီး ရေလျှံမှုတွေ ဖြစ်ပွားနေ

ပဲခူးတိုင်း အနောက်ဖက်ခြမ်း သဲကုန်းမြို့နယ်မှာ ပြီးခဲ့တဲ့ အပတ်က ရေကြီး ရေလျှံမှုတွေ အတွင်း လူတဦး သေဆုံးခဲ့ပါတယ်။

ရေကြီးနေစဉ် ချောင်းကို ဖြတ်ကူးတုန်းမှာ ချောင်းရေစီးအားနဲ့ မျောပါသွားပြီး အသက်ဆုံး ခဲ့တာလို့ သဲကုန်း NLD ပါတီ ဥက္ကဌ ဦးအောင်သန်းက ဘီဘီစီကို ပြောပြပါတယ်။

လယ်တွေလည်း ရေမြုပ်ကုန်ပြီး တံတားတစင်းလည်း ကျိုးခဲ့ပါတယ်။

ရေကြီးမှုကြောင့် လယ် ၂၀၊ ၂၅ ဧကလောက် ရေမြုပ်သွားခဲ့တယ်လို့ သိရပါတယ်။

အခုနှစ်က မိုးနောက်ကျတဲ့အတွက် လယ်တွေကို ထွန်ရုံသာ ထွန်ထားခဲ့တာ ဖြစ်ပြီး အခုလို ရေမြုပ်ကုန်တဲ့အတွက် ဒီနှစ် အတွက် လယ်ယာ စိုက်နိုင်တော့မယ့် ပုံမရှိဘူးလို့ ပြောပါတယ်။

တံတား ကျိုးသွားတဲ့အတွက် သဲကုန်း၊ ပေါင်းတလည်၊ ပြည် လမ်းကြောင်းမှာ နှစ်ရက် သုံးရက်လောက် လမ်းပန်း အဆက်အသွယ် ယာယီ ပြတ်သွားခဲ့တယ်လို့ ဆိုပါတယ်။