ရဲတွေရဲ့ အခန်းကဏ္ဍ အကြောင်း အလုပ်ရုံ ဆွေးနွေးပွဲ

ဓာတ်ပုံ မူပိုင် AFP
Image caption ပြည်သူကို အကာအကွယ်ပေးတဲ့ ပြည်သူ့ရဲတွေ ဖြစ်ဖို့ လိုတယ်လို့ ဒေါ်အောင်ဆန်း စုကြည်ပြော

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ် အေးချမ်းရေး ကော်မီတီ နဲ့ ဥရောပ သမဂ္ဂ အကြံပေး ပုဂ္ဂိုလ်တွေ ကြီးမှူးပြီး အလုပ်ရုံ ဆွေးနွေးပွဲတခုကို ရန်ကုန်မြို့မှာ ဗုဒ္ဓဟူးနေ့က စလို့ ၃ရက်ကြာ ကျင်းပနေပါတယ်။

ဆွေးနွေးပွဲ ပထမဆုံးနေ့မှာတော့ တရား ဥပဒေ စိုးမိုးရေးနဲ့ ရဲတပ်ဖွဲ့ရဲ့ အခန်းကဏ္ဍကို အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။

ဒီမိုကရေစီ ကျင့်စဉ်တွေနဲ့ လိုက်လျော ညီထွေ ဖြစ်အောင် ဆောင်ရွက်ရာမှာ ပြဌာန်း ဥပဒေတွေနဲ့ အညီ ရဲတွေ ကိုင်တွယ် ထိန်းသိမ်းတဲ့အခါ အားသာချက် အားနည်းချက်တွေ ရှိပုံကို နိုင်ငံတကာ အတွေ့အကြုံတွေနဲ့ ယှဉ်ပြီး ဥရောပ သမဂ္ဂ အကြံပေး ပုဂ္ဂိုလ်တွေက ရှင်းလင်း ပြောပြသွားခဲ့တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ဘီဘီစီကို ပြောပါတယ်။

ဆွေးနွေးပွဲ တက်ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တွေဟာ ပြည်သူကို အကာအကွယ် ပေးတဲ့ ပြည်သူ့ရဲတွေ ဖြစ်ဖို့ လိုကြောင်းနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ကိုယ်တိုင်ရဲ့ လုံခြုံရေး စားဝတ်နေရေးတွေ ဖူလုံဖို့ ကိစ္စရပ်တွေ အကြောင်းတွေကို ဆွေးနွေးပြောဆိုသွားတယ်လို့ ဆိုပါတယ်။

ဥရောပ သမဂ္ဂအနေနဲ့ မြန်မာ ရဲတပ်ဖွဲ့ကို အဓိကရုဏ်း နှိမ်နင်းရေး သင်တန်းတွေ အသုတ်လိုက်ခွဲ ပြီး ပေးနေရာမှာ လေးစားလိုက်နာရမယ့် ကျင့်ထုံးတွေနဲ့အညီ လူအုပ်စုကို စနစ်တကျ ဖြိုခွဲတဲ့ နည်းစနစ်ကို ပို့ချပေးနေသလို အဓိကရုဏ်း နှိမ်နင်းရေး ဝတ်စုံတွေကိုလည်း ပေးအပ်ခဲ့ပါတယ်။