ရခိုင် ANP ပါတီ ပထမဆုံးညီလာခံ ပြုလုပ်မယ်

_rakhine_map ဓာတ်ပုံ မူပိုင် bbc
Image caption _rakhine_map

ရခိုင်အမျိုးသား ပါတီ ANP ရဲ့ ပထမဆုံး အကြိမ် ညီလာခံ ကို၊ စက်တင်ဘာလ နောက်ဆုံး အပတ်အတွင်း၊ သံတွဲမြို့ ငပလီမှာ ကျင်းပသွားဖို့ စီစဉ် နေကြပါတယ်။ ကျင်းပတဲ့ အခါ၊ ပါတီ ရဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ ကို ညီလာခံ ကိုယ်စားလှယ် အနေနဲ့ မဖိတ်ကြားပဲ၊ ညီလာခံ အထူးဧည့်သည် အနေနဲ့ ဖိတ်ကြား သွားမယ် လို့ သိရပါတယ်။

ခုလို ဖိတ်ကြားတဲ့ အတွက်၊ မဲပေးပိုင်ခွင့် လည်း မရှိသလို ရွေးချယ်ခံ ပိုင်ခွင့်လည်း မရှိတဲ့ အတွက်၊ ဒီဆုံးဖြတ်ချက် အပေါ် ပြန်လည် ပြင်ဆင်ပေး ဖို့ လွှတ်တော် ကိုယ်စားလှယ်တွေ က တောင်းဆိုသွားမယ် လို့ မြေပုံမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်း က ပြောပါတယ်။

လွတ်တော် ကိုယ်စားလှယ်တွေ ကို အထူးဧည့်သည် အနေနဲ့ ဖိတ်ကြားမယ် ဆိုတဲ့ ဆုံးဖြတ်ချက်ကို၊ ရန်ကုန်မြို့ ရခိုင်အမျိုးသားပါတီ ဗဟိုရုံးချုပ်မှာ ဂျူလိုင်လ ၁၉ ရက်နေ့နဲ့ ၂၀ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ဗဟို အလုပ်အမူဆောင် အစည်းအဝေး မှာ ဆုံးဖြတ် ခဲ့ကြတာ ဖြစ်ပါတယ်။

ပါတီရဲ့ လက်ရှိ ဗဟို နဲ့ အခြား အလုပ်အမှုဆောင် ကော်မတီဝင် (CEC နဲ့ CC) မဟုတ်တဲ့ အပြင်၊ မြို့နယ်တွေကပါ အသိအမှတ် မပြုတဲ့ သူတွေကို၊ လွှတ်တော် ကိုယ်စားလှယ် ဖြစ်ပေမယ့် ညီလာခံ ကိုယ်စားလှယ် အဖြစ် မသတ်မှတ်နိုင်ကြောင်း ANP ပါတီ ရဲ့ ထိပ်တန်း ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဦးလှစောက ပြောပါတယ်။

အခု ပြုလုပ်မယ့် ရခိုင်အမျိုးသားပါတီ ANP ညီလာခံဟာ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD နဲ့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ RNDP ပါတီ နှစ်ခု ပေါင်းစည်းပြီး နောက်ပိုင်း၊ ပထမဆုံး အကြိမ် ပြုလုပ်တဲ့ ညီလာခံ ဖြစ်ပါတယ်။

ညီလာခံ အတွင်းမှာ ပါတီရဲ့ ဥက္ကဌ၊ ဒုဥက္ကဌ၊ အထွေထွေ အတွင်းရေးမှူး အပါအဝင်၊ ဗဟိုကော်မီတွေ ကို ရွှေးချယ် တင်မြောက်ကြမယ့် အပြင်၊ လာမယ့် ကြားဖြတ် ရွေးကောက်ပွဲ မှာ လစ်လပ်နေတဲ့ ရခိုင်က နေရာ (၃) ခု အတွက် ကိုယ်စားလှယ်လောင်း တွေကို ရွှေးချယ်မှာ ဖြစ်တယ် လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ