ဓမ္မစေတီခေါင်းလောင်းကြီး တွေ့ပြီလို့ ဆို

Burma Bell ဓာတ်ပုံ မူပိုင် AP
Image caption မြစ်အတွင်းမှာ ရှာဖွေနေ

ရန်ကုန်မြစ်အတွင်းမှာ ရှာဖွေနေတဲ့ ဓမ္မစေတီခေါင်းလောင်းကို ရှာတွေ့သွားပြီလို့ ခေါင်းလောင်းရှာဖွေရေး အဖွဲ့ခေါင်းဆောင် ဦးစံလင်းက ထုတ်ပြန်လိုက်ပါတယ်။ ဓမ္မစေတီ ခေါင်းလောင်းကို မြစ်ထဲကနေ ဩဂုတ်လ ၉ ရက်နေ့ကတည်းက ရှာဖွေဆယ်ယူနေတာ ဖြစ်ပြီး သြဂုတ်လ ၂၆ ရက်နေ့မှာ အပြီးဆယ်ယူဖို့ သတ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။

ဦးစံလင်းကို ဘီဘီစီက ဆက်သွယ်မေးကြည့်တဲ့ အခါမှာတော့ တွေ့ပြီ ဆိုတာကိုပဲ ပြောပြီး တခြားအသေးစိတ် အချက်တွေကို ဖြေဖို့ကိုတော့ မြစ်အတွင်း ကျောက်ချ ရပ်နားထားတဲ့ ၃ ထပ်သင်္ဘောပေါ်မှာ ရှိနေတဲ့ ဦးစံလင်းက ငြင်းဆိုခဲ့ပါတယ်။

ဦးစံလင်းရဲ့ ထုတ်ပြန်ချက်မှာတော့ ဒီခေါင်းလောင်းကို နဂါးတွေက ဆီမီးပူဇော်နေတဲ့အတွက် သတင်းထုတ်ပြန်ဖို့ နောက်ကျရတာ ဖြစ်ပြီး ခေါင်းလောင်းနဲ့ ပတ်သက်တာတွေမှာ မြန်မာ့နည်း မြန်မာ့ဟန် မြန်မာအဆင့် နည်းပညာလျှို့ဝှက်ချက်တွေ ရှိနေတဲ့အတွက် နှုတ်က ထုတ်မပြောနိုင်သေးတာ ဖြစ်တယ်လို့ ဖော်ပြပါတယ်။

ဆယ်ယူရေးအဖွဲ့ဝင် ဦးကြည်ဝင်းကတော့ ခေါင်းလောင်း ဆယ်ယူနိုင်ဖို့ အချိန်ထပ်ပေးရဦးမှာ ဖြစ်ပြီး ဘယ်တော့ ဆယ်ယူမလဲ ဆိုတာကိုတော့ ထပ်ပြီး ထုတ်ပြန်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ခေါင်းလောင်း တွေ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတဲ့အတွက် ခေါင်းလောင်းဆယ်ယူရေး လုပ်ငန်းခွင်ကို သာကေတ၊ ရူခင်းသာ ဆိပ်ကမ်းကနေ လူတွေ ရာနဲ့ ချီပြီး သွားရောက် ကြည့်ရှုခဲ့ကြပါတယ်။

အခုတွေ့တယ်ဆိုတဲ့ အရာဟာ ဓမ္မစေတီ ခေါင်းလောင်း ဟုတ်မဟုတ် ဆိုတာနဲ့ ခေါင်းလောင်း တကယ်ရှာတွေ့ မတွေ့ဆိုတဲ့အပေါ် အမျိုးမျိုး ပြောဆိုနေကြတာတွေ ရှိပါတယ်။