UNFC တပ်ပေါင်းစု ကနေ KNU လမ်းခွဲထွက်ပြီလား

unfc ဓာတ်ပုံ မူပိုင် U Nyo Ohn Myint
Image caption UNFC ဟာ လက်ရှိ လက်နက်ကိုင် တိုင်းရင်းသားတပ်ပေါင်းစု တွေထဲ အကြီးဆုံးအဖွဲ့ဖြစ်

ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ UNFC က ကျင်းပနေတဲ့ ညီလာခံ ကနေ KNU ကိုယ်စားလှယ်တွေ တနင်္ဂနွေနေ့မှာ ညီလာခံကို ဆက်မတက်တော့ပဲ ထွက်ခွာသွားပါတယ်။

UNFC ကို ဘယ်လိုဖွဲ့စည်းမလဲဆိုတဲ့ အပိုင်းကိုဆွေးနွေးကြရမှာ KNU က အရင်လို ဗဟိုဦးကော်မီတီ ဖွဲ့ပြီး ထိန်းချုပ်မှုရှိရှိ ဖွဲ့စည်းမယ့်အစား ပိုပြီးလျော့လျဲတဲ့ ပုံစံဖြစ်တဲ့ အဖွဲ့အစည်း ကို ဖိုရမ် ပုံစံမျိုး ပဲဖွဲ့မယ် ဆိုတဲ့ အဆိုကို တင်ခဲ့ပါတယ်။

ဒီအဆိုအပေါ် KNU ရဲ့အမြင်နဲ့ အခြားတိုင်းရင်းသား အဖွဲ့တွေ ရဲ့အမြင်တူညီမှု မရှိကြဘူးလို့ UNFC အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာ က ဘီဘီစီ ကို ပြောပါတယ်။

မြန်မာအစိုးရနဲ့ စေ့စပ်ညှိနှိုင်းကြရာမှာ UNFC တပ်ပေါင်းစုရဲ့ လွှမ်းမိုးချုပ်ကိုင်မှု ကို KNU အနေနဲ့ လျော့ချ လိုဟန်ရှိတယ်လို့ လေ့လာသုံးသပ်သူတွေ ကလည်း ပြောပါတယ်။

အခု KNU ကိုယ်စားလှယ်တွေ ထွက်ခွာသွားရာမှာ ကိုယ်စားလှယ်အသစ်တွေ ပေးမယ့် ကိစ္စ အတွက် ဆိုင်ရာအဖွဲ့အစည်း အစည်းအဝေး လုပ်ဖို့ UNFC ညီလာခံကနေထွက်ခွာသွားတာ လို့လည်း သိရပါတယ်။

ဒါပေမယ့် KNU ဘက်က ဘယ်တော့ပြန်အကြောင်းကြားမယ်ဆိုတာ မသိကြသေးပါဘူး။

UNFC ဟာ KNU အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့လောက် ပေါင်းစုထားတဲ့ အဖွဲ့ဖြစ်ပြီး ဒီအဖွဲ့တွေ ထဲမှာ အစိုးရနဲ့လောလောဆယ် အပစ်အခတ် ရပ်စဲရေး မလုပ်သေးတဲ့ အဖွဲ့တွေလည်း ပါဝင်ပါတယ်။