သမ္မတ ဦးသိန်းစိန် ဂျာမန်ဝန်ကြီးချုပ်နဲ့ ပူးတွဲ သတင်းစာရှင်း

Burmese President U Thein Sein and Chancellor Angela Merkel ဓာတ်ပုံ မူပိုင် AFP
Image caption ဂျာမနီကနေ အကူအညီတွေ လိုတယ်လို့ သတင်းစာရှင်းပွဲမှာ သမ္မတ ဦးသိန်းစိန်ပြော

နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ဖို့ ရည်ရွယ်ချက်နဲ့ ဂျာမနီ နိုင်ငံကို ရောက်နေတဲ့ သမ္မတ ဦးသိန်းစိန်က ဂျာမနီ နိုင်ငံ ဘာလင် မြို့တော်မှာ ဂျာမနီ ဝန်ကြီးချုပ် အင်ဂလာ မာကဲလ်နဲ့အတူ သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။

စက်တင်ဘာလ ၃ ရက် ဗုဒ္ဓဟူးနေ့ နေ့လယ်က ပြုလုပ်ခဲ့တဲ့ အဲဒီသတင်းစာ ရှင်းလင်းပွဲမှာ နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြ တယ်လို့ ပြောပါတယ်။

နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံး မြန်မာ သမ္မတ တစ်ယောက်ရဲ့ ခရီးစဉ် အတွင်း ဦးသိန်းစိန်က မြန်မာ အစိုးရ အနေနဲ့ အလုပ်အကိုင် အခွင့်အလမ်းနဲ့ နည်းပညာတွေကို ဦးစားပေးတဲ့ ရင်းနှီး မြှုပ်နှံမှုတွေ လိုအပ်တယ် လို့လည်း ပြောခဲ့ ပါတယ်။

ဂျာမနီ ဝန်ကြီးချုပ်ကတော့ သမ္မတ ဦးသိန်းစိန်နဲ့ ဆွေးနွေးရာမှာ မြန်မာ့ နိုင်ငံရေး ပြောင်းလဲမှု ဖြစ်စဉ်တွေနဲ့ တိုင်းရင်းသား အရေး တွေပါဝင်ခဲ့တယ်လို့ ပြောပါတယ်။

သမ္မတ ဦးသိန်းစိန်ကလည်း ဖက်ဒရယ် ပြည်ထောင်စုစနစ်၊ မြို့ပြ ဖွံ့ဖြိုးတိုးတက်မှုပုံစံ၊ သုတေသန လုပ်ငန်းတွေ၊ အစဉ်အလာကောင်းတဲ့ ပညာရေး စနစ်နဲ့ စည်းကမ်း ရှိမှု စတာတွေ အပါအဝင် ဂျာမနီ နိုင်ငံကနေ လေ့လာ စရာတွေ အများကြီး ရှိတယ်လို့ ဆိုပါတယ်။

အခု ခရီးစဉ် အတွင်း ဂျာမနီက ပေးမယ့် အကူအညီတွေကိုလည်း သမ္မတ ဦးသိန်းစိန်က မျှော်လင့် ထားပါတယ်။

အခု ဂျာမနီ ခရီးစဉ် အပြီးမှာ နယ်သာလန်နဲ့ ဆွစ်ဇာလန် နိုင်ငံတို့ကို သမ္မတ ဦးသိန်းစိန် ခရီးဆက်မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ