စီးပွားသတင်း ပေါက်ကြားမှုကို အရေးယူသင့်

_yangon ဓာတ်ပုံ မူပိုင် Reuters
Image caption ရန်ကုန်မြင်ကွင်း

ရန်ကုန်မြို့သစ် စီမံကိန်း သတင်းကို နီးစပ်ရာ အသိုင်းအဝိုင်း ထံ စီးပွားရေး အကျိုးအမြတ် အတွက် ပေါက်ကြား စေခဲ့တာ ဟာ ရာဇဝတ်မှု မြောက်တယ် ဆိုပြီး ရန်ကုန်တိုင်း လွှတ်တော် ရဲ့ တသီးပုဂ္ဂလ အမတ် ဒေါက်တာ ညိုညိုသင်း က ဝေဖန် ပြစ်တင် လိုက်ပါတယ်။

ဒီ စီမံကိန်း ကို အစိုးရက ထုတ်ဖော် မကြေညာခင် ကတည်းက၊ စီမံကိန်း လုပ်ဆောင်ဖို့ လျာထားတဲ့ ရန်ကုန်မြို့ ကြည့်မြင်တိုင် တစ်ဘက်ကမ်း ကျေးရွာတွေရဲ့ လယ်မြေတွေ ကို စျေး အဆမတန် ပေးပြီး ဝယ်ယူမှု တွေ ဖြစ်ပေါ် လာခဲ့ပါ တယ်။

ဒါ့အပြင်၊ ဒီ မြို့သစ် စီမံကိန်း အတွက် ကနဦး တင်ဒါ ရရှိခဲ့တဲ့ မြန်မာ့ စေတနာ ကုမ္မဏီမှာ အာဏာပိုင် တချို့ရဲ့ မိသားစုဝင်တွေ နဲ့ နိုင်ငံခြားသား တွေ နောက်ကွယ်က ပါဝင်နေမှု အပေါ် ဝေဖန် မေးခွန်း ထုတ်မှု တွေလည်း ထွက်ပေါ် နေပါတယ်။

မြန်မာနိုင်ငံ မှာ အသက်ဝင်ပြီး ဖြစ်တဲ့ စီးပွားရေး ယှဉ်ပြိုင်မှု ဆိုင်ရာ နဲ့ ငွေကြေး ခဝါ ချမှု ဆိုင်ရာ ဥပဒေတွေ ကို အသုံးပြုပြီး၊ စီးပွားရေး သတင်းတွေကို ပေါက်ကြား စေခဲ့သူတွေ ကို ဖော်ထုတ် အရေးယူ သွားဖို့ လိုတယ် ဆိုပြီး ဒေါက်တာ ညိုညိုသင်းက ဆိုပါ တယ်။

ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ရဲ့ အထူး အစည်းအဝေး တစ်ရပ်ကို စက်တင်ဘာ ၂၂ ရက်နေ့မှာ ကျင်းပဖို့ ရှိပြီး၊ ဒီ မြို့သစ် စီမံကိန်းနဲ့ ပတ်သက်ပြီး ဆွေးနွေးကြမယ် လို့ ယူဆကြောင်း ဒေါက်တာ ညိုညိုသင်း က ပြောပါတယ်။

အဲဒီ အထူးအစည်းအဝေး မှာ ရန်ကုန် အစိုးရ အနေနဲ့လည်း ထုတ်ပြန် ရှင်းပြချက် တွေ ပြုလုပ် လာနိုင်တယ်လို့ လည်း ဒေါက်တာ ညိုညိုသင်း က ဆိုပါတယ်။

ဒေါ်လာ ၁၅ ဘီလျံတန် ရန်ကုန်မြို့သစ် စီမံကိန်း တစ်ခုကို ရန်ကုန်တိုင်း အစိုးရ က မြန်မာ့ စေတနာ မြို့သစ် ဆိုတဲ့ ကုမ္မဏီ ကို လုပ်ကိုင်ခွင့် ပေးကြောင်း ရန်ကုန် လွှတ်တော်ကို သဝဏ်လွှာ ပို့ခဲ့တဲ့ နောက်ပိုင်း၊ လွှတ်တော်တွင်းနဲ့ ပြင်ပ မီဒီယာတွေ ပေါ်မှာ ဝေဖန်သံ တွေ ထွက်ပေါ် လာခဲ့တာပါ။

ဒီ့နောက်မှာ တော့ ရန်ကုန်တိုင်း အစိုးရ အနေနဲ့ ဒီ စီမံကိန်း အတွက် တခြား ကုမ္မဏီတွေကို ပါ လုပ်ကိုင်ခွင့် ရရှိဖို့ အပြိုင် တင်ဒါ ခေါ်ယူမယ် လို့ ကြေညာ ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ