ကြားဖြတ်ရွေးကောက်ပွဲ ပယ်ဖျက်

tin_aye_commission ဓာတ်ပုံ မူပိုင် burmese
Image caption ကြားဖြတ်ရွေးကောက်ပွဲ ကို မလုပ်တော့ဟု ဆုံးဖြတ်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က အရင်တုန်းက ကြားဖြတ်ရွေးကောက်ပွဲတွေ လုပ်မယ် လို့ ပြောခဲ့ပေမယ့် တနင်္ဂနွေနေ့ က မလုပ်တော့ဘူးလို့ ကြေညာလိုက်ပါတယ်။

ကော်မရှင် က ရန်ကုန်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကော်မရှင် ဥက္ကဌ ဦးတင်အေးက ၂၀၁၅ ရွေးကောက်ပွဲ ကလည်းတနှစ်ပဲ လိုတော့တဲ့အချိန်ဖြစ်လို့ အချိန်ကပ်နေတာ ကတကြောင်း၊ နိုင်ငံရေးပါတီများအနေနဲ့လည်း ပြင်ဆင်ဖို့အခက်အခဲ ရှိတာက တကြောင်း၊ ငွေကြေးအနေနဲ့လည်း ကျပ် ၂ ဘီလီယံ ကျော်ကုန်ကျ မှာဖြစ်တဲ့အတွက် အကျိုးရှိမရှိ စဉ်းစာရမှာက တကြောင်း စတဲ့ အကြောင်းတွေ နဲ့ ကြားဖြတ်ရွေးကောက်ပွဲ တွေ မလုပ်တော့ဘူး လို့ ပြောပါတယ်။

လွှတ်တော်အသီးသီးမှာ လစ်လပ်နေတဲ့ အမတ် နေရာ ၃၅ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲတွေ ကို နို၀င်ဘာလကုန်ပိုင်း ၊ ဒါမှမဟုတ် ဒီဇင်ဘာလောက်မှာ ကျင်းပနိုင်တယ် လို့ ကော်မရှင် က အရင်တုန်းကတော့ ပြောခဲ့ပါတယ်။

ဒီအမတ် ၃၅ နေရာ ကို ပြန်ဖြည့် လိုက်ရုံနဲ့ လွှတ်တော် အတွင်းအဆုံးအဖြတ်များလည်း ပြောင်းလဲ မသွားနိုင်ကြောင်း လည်း ဦးတင်အေးက ပြောပါတယ်။

အဓိကအတိုက်အခံပါတီကြီးဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကလည်း သူတို့မှာလည်း ကြားဖြတ်ရွေးကောက်ပွဲ ၀င်ဖို့ ပြင်ဆင်ရမယ့်အခက်အခဲတွေ က များတဲ့အတွင် အခုလို ကော်မရှင် က ကြားဖြတ်ရွေးကောက်ပွဲ ပယ်ဖျက်တာ ကို လက်ခံတယ် လို့ ဆိုပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲလုပ်မယ် လို့ကြေညာကတိပေးထားပြီး အခုလို ကော်မရှင် က သူ့ဘာသာသူ ပြန်ဖျက်သိမ်းလိုက်တာ ဟာ နောင်လာမယ့်ရွေးကောက်ပွဲ ကျင်းပ ဖို့ အရေး မသေချာ တဲ့အထိ ဖြစ်နိုင်တာမို့ ဒီကိစ္စဟာ နိုင်ငံရေး အရ သက်ရောက်မှုအများအပြား ရှိလာနိုင်တယ် လို့ သတင်းစာဆရာ ဦးစည်သူအောင်မြင့် က မှတ်ချက်ချ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ