တပ်မတော် အရာရှိကြီးတွေ ရာထူး အပြောင်းအလဲက ဘာအဓိပ္ပါယ်လဲ

Burma Army ဓာတ်ပုံ မူပိုင် AP
Image caption တပ်မတော်က မြန်မာ့ နိုင်ငံရေးမှာ ဦးဆောင် ကဏ္ဍက ဆက်လက် ပါဝင်မယ်လို့ ပြောထား

တပ်မတော် ထိပ်ပိုင်း အရာရှိကြီးတချို့ကို ရာထူး နေရာ အပြောင်း အလဲ ပြုလုပ်တယ် ဆိုတဲ့ သတင်းတွေကို ပြည်တွင်းက လာတဲ့ သတင်း အတော် များများမှာ တွေ့ရပါတယ်။

ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်ထက်မှာ ပြုလုပ်တဲ့ အပြောင်း အလဲတွေက အရင် စစ်အာဏာရှင် လက်ထက်က လုပ်ခဲ့ပုံနဲ့ ကွာခြားတယ်လို့ ဧရာဝတီ သတင်း ဌာန အယ်ဒီတာချုပ် ဦးအောင်ဇော်က မြင်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲ ကာလ နီးလာချိန်၊ ကာကွယ်ရေး ဦးစီးချုပ်က ဒုတိယ သမ္မတ ဖြစ်လာမလား ဆိုတဲ့ သုံးသပ်ချက်တွေ ထွက်နေချိန်မှာ အခုလို အပြောင်း အလဲတွေ လုပ်တာက သူတို့ ရှိနေပြီးသား နေရာတွေကို ပိုမို ခိုင်မြဲအောင် လုပ်တဲ့ သဘောလို့ သူက ပြော ပါတယ်။

ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေရဲ့ လူရင်း တစ်ယောက်လို့ အများက သိထားကြတဲ့ ဗိုလ်ချုပ်ကြီး မြထွန်းဦးကို အထူး စစ်ဆင်ရေး အဖွဲ့မှူး အဖြစ် ခန့်ထားပြီး နေပြည်တော်ဘက်ကို ရွှေ့မယ် ဆိုတာ သူရှေ့မှာ နေရာယူလာမယ့် နေရာတွေ အတွက် ကြိုပြင် တာလို့ တပ်ထဲမှာ သုံးသပ် တာတွေ ရှိနေတယ်လို့ ဦးအောင်ဇော်က ပြောပါတယ်။

ဗိုလ်ချုပ်ကြီး မြထွန်းဦးက အရပ်ဘက်ရော စစ်ဘက်မှာပါ ဝင်ဆံ့သူ ဖြစ်တာကြောင့် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ အတွက် ကြိုပြင်တာ ဖြစ်နိုင်တယ်လို့လည်း သုံးသပ် နေကြလို့ ဆိုပါတယ်။

၁၉၈၈ ခုနှစ် နောက်ပိုင်း အပြောင်း အလဲတွေကို ကြည့်ရင် နဝတကနေ နအဖ အစိုးရ ပြောင်းလဲပြီး နောက်ပိုင်းက စပြီး တစ်ဗိုလ်ကျ တစ်ဗိုလ်တက် ပုံစံနဲ့ အုပ်ချုပ်ရေးပိုင်းမှာ အသေ အချာ နေရာ ရယူဖို့ ရည်ရှည် အစီ အစဉ်နဲ့ ပြင်ခဲ့တာ လို့လည်း ဦးအောင်ဇော်က ပြောပါတယ်။

ပြည်တွင်း သတင်း မီဒီယာတွေမှာ ရေးသား ဖော်ပြချက်တွေ အရ ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦးကို ဗိုလ်ချုပ်ကြီး ရာထူး တိုးပေးပြီး စစ်ဖက်ရေးရာ လုံခြုံရေး အရာရှိချုပ်နဲ့ စစ်ဆင်ရေး အထူး တပ်ဖွဲ့မှူး အဖြစ် ခန့်အပ်လိုက် သလို စစ်ဖက်ရေးရာ လုံခြုံရေးနဲ့ စစ်ဆင်ရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေကို ဦးစီးချုပ် (ကြည်း) နဲ့ စစ်ဆင်ရေး အထူး တပ်ဖွဲ့မှူး တာဝန် ပေးအပ်လိုက်တယ်လို့ သိရပါတယ်။

စစ်ရေးချုပ် ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးကိုတော့ စစ်ဆင်ရေး အထူး အဖွဲ့မှူး အဖြစ် ပြောင်းရွှေ့ ခန့်ထားလိုက်တယ်လို့ လည်း သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ