မြန်မာပြည်မှာ အမြဲနေခွင့် ဗီဇာ ငါးနှစ်ရမယ်

visa_304x171_bbc
Image caption ပြည်ဝင်ခွင့် ဗီဇာ

မြန်မာနိုင်ငံမှာ အမြဲတန်း နေထိုင်ခွင့် PR ဗီဇာ ကို လာမဲ့ အောက်တိုဘာလ လလယ်မှာ စတင် လျှောက်ထားခွင့် ပြုတော့မယ် လို့ လူဝင်မှု ကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အား ဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်း က ဘီဘီစီ ကို ပြောပါတယ်။

အမြဲတန်း နေထိုင်ခွင့် PR ဗီဇာ ကို ပေးတဲ့ အခါမှာ အမျိုးအစား ငါးမျိုးခွဲထားပြီး တကြိမ်လျှောက်လို့ ခွင့်ပြုချက်ကျရင် ငါးနှစ် နေခွင့်ပြုမှာပါ။ အဆိုပါ အမျိုးအစား ငါးမျိုးထဲမှာ လုံလောက်တဲ့ ငွေပမာဏ ယူဆောင်လာပြီး မြန်မာပြည်တွင်းမှာ လာရောက် ရင်းနှီးမြှုပ်နှံ နိုင်သူ၊ ဆရာဝန်၊ အင်္ဂျင်နီယာ အစရှိတဲ့ ပညာရှင်တွေ၊ ဒါ့အပြင် မြန်မာနိုင်ငံသားဟောင်း တွေ ဖြစ်ပြီး ပြည်ပ နိုင်ငံ သား အဖြစ်လည်း မစွန့်လွှတ်လိုပဲ၊ မိမိ ဇာတိ နိုင်ငံ ကို ပြန်လာပြီး တတ်မြောက် ထားတဲ့ ပညာ နဲ့ နိုင်ငံ ကို အကျိုးပြုလိုသူ တွေကိုလည်း လက်ခံမယ့် အကြောင်း ရှင်းပြပါတယ်။

မြန်မာပြည်ဖွား နိုင်ငံသားတွေ နဲ့ အိမ်ထောင်ကျတဲ့ နိုင်ငံခြားသူ၊ နိုင်ငံခြားသား တွေ အပြင်၊ သူတို့ က ပေါက်ဖွားတဲ့ သားသမီးတွေ ပါ၊ အကျုံးဝင်ကြောင်း သိရပါတယ်။

တကြိမ် ကို နေခွင့် ငါးနှစ် ပေးပြီးတဲ့ နောက်ပိုင်းမှာ၊ နောက်ထပ် ဆက်လက် နေလိုရင် နှစ်စဉ် စီစစ်မှု အရ၊ ပြဿနာ ကင်းရှင်းခဲ့ရင် နောက်ထပ် ငါးနှစ် သက်တမ်း လျှောက်ထားလို့ ရတဲ့ အကြောင်း၊ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်း က ရှင်းပြပါတယ်။

မြန်မာနိုင်ငံတွင်း ကနေ ပြည်ပ ထွက်လိုရင်လည်း၊ မိမိ သက်ဆိုင်ရာ နိုင်ငံ ရဲ့ ပါ့စ်ပို့ သို့မဟုတ် မြန်မာ ပါ့စ်ပို့ နဲ့ ထွက်နိုင်ကြောင်း၊ ပြန်ဝင်လာရင်လည်း PR ဗီဇာ နဲ့ ပြန်လာနိုင်ကြောင်း ပြောပါတယ်။

ပညာရှင် လို့ သတ်မှတ်ရာမှာလည်း၊ သက်ဆိုင်ရာဝန်ကြီးဌာန တွေနဲ့ ရွေးချယ်မဲ့ ကိုယ်စားလှယ် အဖွဲ့တွေ ကို ဖွဲ့ပေးဖို့ ရှိတဲ့ အကြောင်း၊ လူဝင်မှု ကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အား ဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်း က ဘီဘီစီ ကို ပြောပါတယ်။