အိမ်ခြံမြေ ငှားရငွေ အခွန်ဆောင်ရမယ်

Houses in Naypyitaw ဓာတ်ပုံ မူပိုင် BBC Burmese
Image caption အိမ်ရှင် မြေရှင်တွေ ငှားခရရင် အခွန်ဆောင်ရမယ်

အိမ်မြေ ပိုင်ရှင်တွေ အနေနဲ့ မြေနဲ့ အဆောက်အဦ ငှားရမ်းမှုက ရတဲ့ ဝင်ငွေ အပေါ် အခွန် ပေးဆောင်ဖို့ အစိုးရက တိုက်တွန်းလိုက် ပါတယ်။

အိမ်ခြံမြေ အငှား ဝင်ငွေခွန် ကို ၁၉၇၄ ခုနှစ် ဝင်ငွေခွန် ဥပဒေအရ ကောက်ခံတာ ဖြစ်ပြီး ပြည်သူတွေ ကြားမှာ အခွန်ဆောင်ရမယ်ဆိုတဲ့ အသိနည်း နေလို့ ထပ်မံ နှိုးဆော်တာလို့ ပြည်တွင်းအခွန်များ ဦးစီးဌာနက ပြောပါတယ်။

စက်မှုဇုံ အတွက် ငှားရမ်းထားတဲ့မြေ၊ ပစ္စည်းထားတဲ့ ဂိုထောင်က အစ တိုက်ခန်း အိမ်ခန်း အပါအဝင် နေအိမ် အဆောက် အဦတွေ ငှားလို့ ရတဲ့ ဝင်ငွေတွေ အားလုံးဟာ အခွန်ဆောင်ရမယ့် အထဲ အကျုံးဝင်တယ်လို့ ပြည်တွင်း အခွန်များ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်က ပြောပါတယ်။

၂၀၁၄ ခုနှစ် ဧပြီလ ၁ ရက်နေ့က စတင် ထုတ်ပြန်တဲ့ ပြည်ထောင်စု အခွန် အကောက် ဥပဒေ အရ သတ်မှတ်ထားတဲ့ နှုန်းထား အတိုင်း အခွန် ကောက်ခံမှာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ငှားခ တွေကို နိုင်ငံခြား ငွေနဲ့ ရရှိသူတွေ အတွက် ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ ငွေလဲ နှုန်း အရ ကျပ်ငွေ အဖြစ် ပြန်လဲပြီး ရလာတဲ့ ငွေ အပေါ် အခွန်ကောက်ခံတယ်လို့လည်း ဦးကျော်ကျော်က ပြောပါတယ်။

အခွန် တိမ်းရှောင်မှုတွေနဲ့ ပတ်သက်လို့ သတင်းရရင် ဖော်ထုတ်ခိုင်းပြီး တိမ်းရှောင်တယ် ဆိုတာ ပေါ်ပေါက်ရင် ကျသင့် အခွန်ငွေရဲ့ ၅၀ ရာခိုင်နှုန်းကို ဒဏ်ငွေ အဖြစ် ပေးဆောင် စေတယ်လို့ ဆိုပါတယ်။

သတ်မှတ်ကာလ အတွင်းမှာ ထုတ်ဖော် မပြောရင်တော့ တရားစွဲဆိုသွားမယ်လို့ ဦးကျော်ကျော်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ