မြန်မာ့အရေး ပြောတဲ့ ပဋိပက္ခမီးဖိုဆောင်

_burma_boy_live_report ဓာတ်ပုံ မူပိုင် fotomm
Image caption သနပ်ခါးနဲ့ မြန်မာကလေးငယ်

လန်ဒန် မြို့မှာ Conflict Kitchen ပဋိပက္ခ မီးဖို ဆောင် ဆိုတဲ့ အမည် နဲ့ ကမ္ဘာ့ နိုင်ငံ တွေက စားသောက်ဖွယ်ရာ တွေကို တည်ခင်းပြီး ဒီနိုင်ငံတွေ ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်း တွေနဲ့ ပတ်သက်ပြီး ဆွေးနွေး တွေ့ဆုံ ပွဲတွေကို ကျင်းပနေတာ မှာ ဒီတပတ် လန်ဒန် အရှေ့ပိုင်း က Monikers စားတော်ဆက် မှာ မြန်မာ နိုင်ငံ အတွက် ကျင်းပ ပါတယ်။

လာရောက်သူ တွေ ကို မြန်မာပြည် အကြောင်း ငြိမ်းချမ်းရေး နဲ့ ပဋိပက္ခ တွေ အကြောင်း ပြောဆို စေလိုတဲ့ အတွက် ဒီ ညစာစားပွဲ ကို ကျင်းပ ဖြစ်ခဲ့တာ လို့ ပွဲစီစဉ် တဲ့ International Alert ငြိမ်းချမ်းမှု တည်ဆောက်ရေး အဖွဲ့ က ညွှန်ကြားရေးမှူး Phil Champain က ပြောပါတယ်။

မြန်မာပြည် နဲ့ ပတ်သက်တဲ့ အချက်အလက် အကြောင်းအရာတွေ ကို ထမင်းစားပွဲ မှာ လေ့လာဖို့ ပြသ ချိတ်ဆွဲ ထားတယ် လို့ ဆိုပါတယ်။ မြန်မာပြည် လွတ်လပ်ရေး ကြိုးပမ်းမှု ကနေ ဒီမိုကရေစီ လှုပ်ရှားမှု ခရီး အဆင့်ဆင့် လက်ရှိ အချိန်ထိ အကြောင်းအရာ တွေကို ဆွေးနွေး ပြောဆို နိုင်အောင် စီစဉ် ခင်းကျင်း ထားပါတယ်။

ဒီပွဲကို စီစဉ်တဲ့ Phil Champain က မြန်မာပြည် ကို အခေါက်ခေါက် ရောက်ဖူးသူပါ။ သူက လက်ရှိ မြန်မာပြည် ပွင့်လင်း ပြောင်းလဲလာမှု နဲ့ အတူ စိန်ခေါ်မှု တွေလည်း ကျန်နေသေးတဲ့ အတွက် ဒါတွေကို ပြင်ပက လူတွေ သိနားလည် ဂရုစိုက်လာစေ ဖို့ ဒီ ထမင်းစားပွဲ တွေ ကျင်းပ တာလို့ ပြောပါတယ်။

မြန်မာပြည် မှာ ငြိမ်းချမ်းရေး နဲ့ ဖွံ့ဖြိုးရေး အတွက် ပြင်ပ ရင်းနှီး မြှုပ်နှံမှုတွေ က အထောက်အကူ ဖြစ်ဖို့ ၊ နောက် လူမျိုးစု လက်နက်ကိုင် တွေနဲ့ ပြေလည်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွေ အောင်မြင်ဖို့ ဆွေးနွေး ဖြေရှင်းသွား ဖို့ လိုနေတယ် လို့ Phil Champain က ပြောပါတယ်။

နောက်ပတ်တွေ မှာလဲ ဂျော်ဒန်၊ ပီရူး စတဲ့ ငြိမ်းချမ်းရေး နဲ့ ပဋိပက္ခ ဖြေရှင်းမှု တွေ လုပ်ရမယ့် နိုင်ငံတွေက အစားအသောက် တွေကို ဆက်ပြီး တည်ခင်း ကျွေးမွေး သွားမယ် လို့ သိရပြီး စက်တင်ဘာ ၂၁ မှာ ကျရောက်မယ့် နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ အမှတ်တရ ကျင်းပ နေတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ