ကိုရီးယားပိုင် စက်ရုံမှာ ရုန်းရင်းဆန်ခတ်ဖြစ်

Master Sport Footware Factory workers ဓာတ်ပုံ မူပိုင် AP
Image caption Master Sport အားကစား ဖိနပ် စက်ရုံမှာ အလုပ်သမား ခေါင်းဆောင် ဟောပြောနေ

ရန်ကုန်မြို့ လှိုင်သာယာ စက်မှုဇုန်မှာ ရှိတဲ့ ကိုရီးယားပိုင် Master sport အားကစား ဖိနပ် စက်ရုံမှာ လစာနဲ့ နစ်နာကြေး တောင်းတဲ့ အလုပ်သမားတွေနဲ့ ရဲတွေကြားမှာ အင်္ဂါနေ့ ညက ရုန်းရင်း ဆန်ခတ် ဖြစ်ခဲ့တဲ့ အတွက် ဒဏ်ရာရသူ တချို့ရှိခဲ့ ပါတယ်။

ရဲတွေ ဘက်က ဒဏ်ရာ ရသူ ၉ ယောက်မှာ ၆ ယောက်ကို ဆေးရုံတင်ခဲ့ရပြီး အခုတော့ သူတို့ ဆေးရုံကနေ ဆင်းသွား ကြပြီဖြစ်ပါတယ်။

ကြိုတင် ပြောဆိုခြင်း မရှိဘဲ စက်ရုံ ပိတ်သိမ်းသွားတဲ့ Master Sport အားကစား ဖိနပ်စက်ရုံက အလုပ်သမား ၁၅၀ လောက်က သူတို့ရဲ့ လုပ်ခလစာ နဲ့ နစ်နာကြေး ပေးဖို့ စက်တင်ဘာလ ၁၆ ရက်နေ့ နောက်ဆုံးထား ပေးဖို့ တောင်းဆိုထားခဲ့ပါတယ်။

ဒါကို စက်ရုံပိုင်ရှင်တွေ ဘက်က မလိုက်လျောတဲ့အတွက် နှစ်ဘက် ကြားမှာ ဝင်ရောက် ညှိနှိုင်းပေးနေတဲ့ အလုပ်သမားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကို အလုပ်သမားတွေက ဖမ်းဆီးခဲ့ကြတာ ဖြစ်တယ်လို့ အလုပ်သမား အလုပ်အကိုင်နဲ့ လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထင်အောင်က ပြောပါတယ်။

စက်ရုံ အလုပ်သမားတွေ ဘက်ကတော့ သူတို့က အလုပ်သမား ညွှန်ကြားရေးမှူးချုပ်နဲ့ ဆွေးနွေးခဲ့တာ ဖြစ်ပြီး အခန်းထဲမှာ ပိတ်လှောင် ဖမ်းဆီးခဲ့တာ မဟုတ်ဘူးလို့ ပြောပါတယ်။

လောလောဆယ်မှာ တောင်ကိုရီးယား နိုင်ငံသား စက်ရုံ ပိုင်ရှင်က ထွက်ပြေး တိမ်းရှောင် နေတဲ့အတွက် အစိုးရဘက်က စက်ရုံကို လေလံတင်ပြီး အလုပ်သမားတွေရဲ့ လုပ်ခလစာနဲ့ နစ်နာကြေး ပေးဖို့ စီစဉ်နေတယ်လို့ ရန်ကုန်တိုင်း ဒေသကြီး အလုပ်သမား ဝန်ကြီး ဦးဇော်အေးမောင်က ပြောပါတယ်။

အင်္ဂါနေ့ ညက ဖြစ်ရပ်ကြောင့် အလုပ်သမားနှစ်ယောက်ကို ရဲတွေက ဖမ်းဆီးခဲ့ပြီး နောက်ပိုင်းမှာ ခံဝန်ချက်နဲ့ ပြန်လွှတ် ပေးခဲ့ပါတယ်။

အလုပ်သမား ညွှန်ကြားရေးမှူးချုပ်ကို ဖမ်းဆီးသလို ဖြစ်ခဲ့တာ နဲ့ ပတ်သက်လို့ စက်ရုံ အလုပ်သမားတွေကို အမှုဖွင့် အရေးယူ ဖို့ တော့ မရှိသေးဘူးလို့ အလုပ်သမား ဝန်ကြီးဌာန ဘက်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ