အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ အပစ်ရပ်ရေး မသေချာသေး

Image caption ဒီတခေါက် ဆွေးနွေးပွဲ မတိုင်ခင် ကတည်းက နှစ်ဘက်အကြား အဖုအထစ်တွေ ရှိခဲ့

အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနဲ့ NCCT တိုင်းရင်းသား လက်နက်ကိုင်များဘက်က ညှိနှိုင်းရေး အဖွဲ့တို့ တတိယမြောက်နေ့ တွေ့ဆုံ ဆွေးနွေး ခဲ့ပေမယ့် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ အကြား တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် ချုပ်နိုင်ဖို့ မသေချာပဲ ရှိနေပါတယ်။

နောက်ထပ် ဆွေးနွေးဖို့ ၂ရက် ကျန်သေးတယ် ဆိုပေမယ့် အဲဒီ ၂ရက်အတွင်း နှစ်ဖက် သဘောတူ အပစ်ရပ် စာချုပ် မူကြမ်း ထွက်လာဖို့ အတော့်ကို မရေမရာ အခြေအနေမှာ ရှိနေတယ်လို့ ဆွေးနွေးပွဲ အပြီး ငြိမ်းချမ်းရေး အကျိုးဆောင်တွေနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ အပြောအရ သိရပါတယ်။

တချို့ အချက်တွေက ခေါင်းဆောင်တွေ နဂို ပေးထားတဲ့ frame ဘောင်ထဲမှာ ဆွေးနွေးရတာ ဖြစ်တဲ့အတွက် ပြန်ပြီး ညှိရမယ့် အနေအထားမျိုးတွေ ရှိနေတယ်လို့ မြန်မာ ငြိမ်းချမ်းရေး စင်တာက အကြီးတန်း အကြံပေး ဦး လှမောင်ရွှေက ဘီဘီစီကို ပြောပါတယ်။

နှစ်ဘက် မကျေလည်ကြတဲ့ အချက်တွေထဲမှာ တပ်ပိုင်းကိစ္စ၊ Road Map ကိစ္စ၊ ကြားကာလ အနေအထား၊ နိုင်ငံရေး ဆွေးနွေးရာမှာ ဘယ်နှစ်ဖွဲ့ ဆွေးနွေးမလဲ စတဲ့ ကိစ္စရပ်တွေ ပါဝင်တယ်လို့ NCCT ခေါင်း ဆောင် နိုင်ဟံ သာက ပြောပါတယ်။

တကယ်တမ်းမှာ ဒီတစ်ခေါက် ဆွေးနွေးပွဲ မတိုင်ခင် ကတည်းကိုက နှစ်ဘက် အကြား အဖု အထစ်တွေ ရှိလာခဲ့တာ ဖြစ်ပါတယ်။

ညီညွတ်သော တိုင်းရင်းသား များ ကောင်စီ UNFC ကို ကာကွယ်ရေး ဦးစီးချုပ်က ဝေဖန်တာကို တိုင်းရင်းသားတွေဘက်က မကြိုက်သလို အစိုးရ တပ်ဘက် ကလည်း တိုင်းရင်းသားတွေ ဘက်က တင်လာတဲ့ ဖက်ဒရယ် တပ်မတော် ဆိုတာကို သဘောမတွေ့ပဲ ဖြစ်နေပါတယ်။

ငြိမ်းချမ်းရေး အကျိုးဆောင်တွေ ဘက်က ဒီတစ်ခေါက် ညှိနှိုင်းစရာတွေ အားလုံးပြီးရင် ဒီနှစ်ထဲမှာ နေပြည်တော်မှာ နိုင်ငံတကာကိုပါ အစိုးရက ဖိတ်ခေါ်ပြီး အားလုံး ပါဝင်တဲ့ အပစ်ရပ် စာချုပ် လက်မှတ် ရေးထိုးပွဲကြီး ကျင်းပနိုင်ဖို့ မှန်းထားတာ ဖြစ်ပေမယ့် ကျန်တဲ့ ဆွေးနွေးပွဲ နှစ်ရက် အတွင်းမှာလည်း အပစ်ရပ်ရေး မူကြမ်း ထွက်လာနိုင်မယ့် အနေအထားမျိုး မရှိသေးဘူးလို့ သုံးသပ်နေကြပါတယ်။