NLD ဟောင်းများစုပြီး နိုင်ငံရေးအဖွဲ့ တခုဖွဲ့

undo_nai_nai ဓာတ်ပုံ မူပိုင် san zaw htwe facebook
Image caption NLD က ထွက်ခဲ့သူတွေ နိုင်ငံရေး အဖွဲ့သစ်ဖွဲ့

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကနေ အကြောင်းအမျိုးမျိုးကြောင့် ထွက်ခဲ့ကြသူတွေ စုပေါင်းပြီး နိုင်ငံရေးအစုအဖွဲ့တခု ကို တည်ထောင်လိုက်ကြပါတယ်။

စနေနေ့က ရန်ကုန် မြို့ရှိ ယုဿဒန်ခန်းမ မှာ အရင် NLD ဟောင်းတွေ လူ ၃ရာကျော်လောက်ဆုံခဲ့ကြပြီး နိုင်ငံရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ ညီညွတ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ကို လူ ၂၀ လောက်နဲ့ စတင် ဖွဲ့စည်းလိုက်ပါတယ်။

အဲဒီအဖွဲ့အနေနဲ့ နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်မလား၊ ဒါမှမဟုတ် ရွေးကောက်ပွဲမဝင်တဲ့ နိုင်ငံရေးအဖွဲ့အစည်း တခုအဖြစ်ဆက်လက်လှုပ်ရှားမလား ဆိုတာတော့ နောက်ပိုင်းမှ ဆုံးဖြတ်မယ်လို့ အဲဒီအဖွဲ့မှာ နာယက တင်မြှောက်ခြင်း ခံရတဲ့ အရင် NLD တုန်းက ဗဟိုအလုပ်အဖွဲ့၀င် ဟောင်းတယောက်လည်း ဖြစ်တဲ့ ဦးစောနိုင်းနိုင်း ကပြောပါတယ်။

ညီညွတ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ ဟာ စစ်မှန်သောဒီမိုကရေစီရေး အတွက်ရည်ရွယ်ပြီး ၂၀၀၈ ခုနှစ် အခြေခံဥပဒေ ပြင်ဆင်ရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေး တို့အတွက် နိုင်ငံရေး လှုပ်ရှားသွားမယ် လို့ သူက ပြောပါတယ်။

အဆိုပါ နိုင်ငံရေး အဖွဲ့ကို ဥက္ကဌအဖြစ် ဒေါက်တာ သက်မင်း၊ ဒုဥက္ကဌ အဖြစ် ဒေါက်တာ ဇော်မြင့်တို့ က ဦးဆောင်သွားမှာပါ။